
ဗုံးကြဲများနေ၊ ကျောင်းတွေကျေလည်း
များထွေသံဃာ၊ အနေသာကြီး
စစ်အာဏာရှင်၊ မိုက်ဆဲပင်တည်း
ဗုံးကြီးကြီးကျ၊ ဘုန်းကြီးကျောင်းပြို
ဘုရားပြိုပျက်၊ ကျောင်းတွေပျက်သွား
ဆေးရုံများပျက်၊ တရားစခန်း
ယောဂီလမ်းလည်း၊ ယမ်းငွေ့လူလူ
များထိုလူသေ၊ ရဟန်းတွေလည်း
လွန်နေဆဲကား များလှပြီ ။ ။
မဲဆောက် တောရ ကထိန်မှသည်
မဲဆောက် တောရကျောင်းကထိန်မှာ လက်ခုပ်သံ၊ ဗြောသံ၊ အိုးစည်ဒိုးပတ်သံတွေ ညံနေတယ်။ ဆရာတော်က ကထိန်အာနိသင်ကို ဟောတော်မူနေတယ်။ ကထိန်သင်္ကန်းတွေ ကပ်ကြတယ်။ စတုဒိသာ ကျွေးနေတယ်။ ကောင်းစွ။ ပျော်ကြ။ ဒါပေမဲ့ မြန်မာပြည်ထဲမှာတော့ ဗုံးကြဲတာ များလွန်းတော့ ကထိန်ပွဲတွေမှာ ဗုံးတွေ ကျလာမှစိုးတော့ ကထိန်ပွဲတွေ မလုပ်ရဲ နည်းလာတယ်တဲ့။ ကျနော့်မှာ မဲဆောက် ကထိန်သတင်းကို တည်းဖြတ်နေချိန် အင်တာဗျူးတွေကို ကြည့်ပြီး ဪ… လို့သာ တမိ၊ ရင်ထဲမှာ အတော်မကောင်း ဖြစ်သွားရတယ်။ အခုလို ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာတွေ ကထိန်သဘင် ဆင်ယင်နွှဲနေချိန်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ အပါအဝင် တပြည်လုံးမှာ ကထိန်ပွဲတွေ နည်းပါးနေတယ်။ ဘုန်းကြီးကျောင်းတွေကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြီးတွေ ကြဲတာ များနေတယ်။ ဘုရားတွေပြို၊ တရားစခန်းတွေပျက်၊ သံဃာတွေ ပျံလွန်တော်မူ၊ သံဃာတော်တွေ ဒဏ်ရာတွေရ ဂိလာနတွေလည်း ဖြစ်ကြရတယ်။ အကျိုးဆက်ကတော့ တပြည်လုံးမှာ ကထိန်ပွဲတွေ နည်းလာနေကြရတာပါ။
သာယာတဲ့ကောင်းကင် ကြည်ပြာပြာ
ဆီမီးမြိုင်မြိုင် အရောင်စုံဖြာ
တန်ဆောင်မုန်း ရာသီအခါ
ရွှင်ပျော်ပျော် ပြုံးကာ ကြည်လင်စွာ
ပီတိဝေဖြာ စိတ်နှလုံးသာ ကြည်နူးမင်္ဂလာအခါ
မြန်မာ့ဓလေ့ ကုသိုလ် သဒ္ဓါပိုပို
လှူဖွယ်စုံစုံ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အလှူ
ကထိန်ရာသီ ကထိန်ပွဲ နွှဲကြပါစို့ကွယ်။ ။
မအလ စစ်တပ်ဗုံးကြဲ မဘသ ဆရာတော်တွေ ရေငုံနှုတ်ပိတ်
မဲဆောက် ကထိန်ပွဲကို ကြွလာတဲ့ ဆရာတော် အရှင်စန္ဒောဘာသက အခုလို မိန့်ကြားပါတယ်။
“ထိုင်းနိုင်ငံက ကထိန်ပွဲကတော့ မြင်နေရတဲ့အတိုင်းပေါ့ သတင်းထောက် ဒါယကာကြီးရယ်။ စိတ်လွတ်လွတ်လပ်လပ် ရှိတယ်။ မြန်မာ့ရိုးရာပွဲ ထိုင်းရောက်မြန်မာတွေ ဆင်နွှဲနေတာ မြင်တော့ စိတ်ကြည်နူးတာပေါ့ကွာ။ ဗမာပြည်မှာ အခုအချိန်မှာ ကထိန်ခင်းရမှာ မလွတ်လပ်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ လေယာဉ်နဲ့ ဗုံးမကြဲဘူးဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ဘူး။ ဗုံးကြဲတာ ကထိန်ကိုတင် မဟုတ်ဘူး။ ဝါဆိုလည်း ကြဲတာပဲ။ သင်္ကြန်လည်း ကြဲတာပဲ။ အကာလိကော (အချိန်မရွေး) သူတို့ ဒီလို ဗုံးတွေ ကြဲနေကြတဲ့အခါကျတော့ ဗမာပြည်မှာ ကထိန်ခင်းမယ်ဆိုရင် ကြောက်ကြောက်လန့်လန့်နဲ့ ကထိန်ခင်းနေရတဲ့ပုံစံ ဖြစ်နေတယ်။ ထိုင်းမှာနဲ့တော့ အပုံကြီး ကွာတာပေါ့။ နောက်ပြီးတော့ ကထိန်ဆိုတာ စုပေါင်းပြီးတော့ အာနိသင်ငါးပါးကို ယူရတာကိုး။ ဘုန်းကြီးတွေကော၊ ဒါယကာတွေပါ ဘယ်လိုမှ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့ ကထိန်ခင်းနိုင်မှာကို မဟုတ်ဘူး။ ဒီနေရာမှာ ပြောချင်တာက ဗမာပြည်မှာ မဘသတွေ၊ မဟနတွေကို ပြောချင်တယ်။ မဘသတွေက မင်းအောင်လှိုင်လိုပဲ အပြောတမျိုး အလုပ်တမျိုး ဖြစ်နေကြတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်မယ်လို့ ပြောပြီးတော့ သူတို့က ဗုံးကြဲနေတဲ့ မင်းအောင်လှိုင်ကို ဘာမှ မတားမြစ်ဘူး။ ကြေညာချက်ထုတ် တားတာလည်း မရှိပါဘူး။ ရဟန်းပျိုတွေ ဆိုင်ကယ်စီးတာကိုတော့ တားမြစ်စာ အမိန့်တွေထုတ်ခဲ့တယ်။ ဗုံးကြဲနေတဲ့ မင်းအောင်လှိုင်ကျတော့ ဘာမှမပြောဘူးဆိုတော့ကာ ဘယ်မှာလဲ အမျိုး ဘာသာ သာသနာ စောင့်ရှောက်တယ်ဆိုတာ။ ဒါကြောင့်မို့လို့ ဗမာပြည်ဟာ ဘုန်းကြီးသာသနာဟာ ပျက်နေတယ်။”
မြန်မာပြည်မှာ ဘုရားဖြစ်ရသည့် ဒုက္ခ
မြန်မာပြည်မှာ
လူဖြစ်ရတာ ဒုက္ခဖြစ်သလို
ဘုရား လာဖြစ်ရတာလည်း ဒုက္ခပါပဲ။
ဘုရားက ငါလို အပုပ်ကောင်ကို
ထိုင်ပြီးပူဇော်နေရုံမျှဖြင့် ဘာမှအကျိုးမရှိ
“ယော ဓမ္မံ ပဿတိ သော မံ ပဿတိ”
ငါဘုရား ဟောကြားထားတဲ့
ဓမ္မ အမှန်တရားတွေကို
လက်တွေ့ကျင့်သုံးနိုင်မှ
လက်တွေ့သဘောပေါက်ပြီး
မကောင်းတာ ရှောင်
ကောင်းတာတွေ ဆောင်ပြီး
တရားကိုတကယ်သိမြင်မှ
ငါဘုရားကိုပူဇော်ရာရောက်တယ်လို့
ဘယ်လိုပဲ အာပေါက်အောင် ဟောပြ ဟောပြ
ဘုရားနဲ့ လုပ်စားလိုသူတွေက
မကောင်းတာ မမှန်တာ အကျိုးမရှိတာ
ယုတ်မာကောက်ကျစ်တာတွေ
အကုန်လုပ်ပြီးတိုင်း
ဘုရားဒါယကာအဖြစ် အမည်ခံပြီး
ဘုရားမျက်နှာ အိုးမည်းသုတ်ပစ်ကာ
ဘုရားတွေ ပုံအောပြီး တည်ကြ
ပြီးတော့မှ လေယာဉ်တွေနဲ့ ဗုံးကြဲချကြတော့
ငါဘုရားမှာလည်း
မြန်မာပြည်ရောက်ကာမှ
ကောင်းကောင်းမနေရ
စစ်ဘေးရှောင်လို ရှောင်ရ
ဦးခေါင်းပေါ်ဗုံးဆန် ကျတော့
ရုပ်ပွားတော်ပါ ထပ်ပြီး
ပရိနိဗ္ဗာန် စံမြန်းနေရ
မြန်မာပြည်မှာ ဘုရားဖြစ်ရတဲ့ ဒုက္ခ
အဟောဝတ အံ့ဩဖွယ်ရှိပေစွ... ။ ။
(မင်းသုညဗုဒ္ဓတက္ကသိုလ်)
လူ့ ဥပဒေမရှိ ရဟန်းအဆုံးအမ မရှိတဲ့ တိုင်းပြည်
လူ(အရပ်သား) ပြည်သူလူထု ဥပဒေဆိုတာလည်း မြန်မာပြည်မှာ မရှိတော့ဘူး။ ရဟန်းတော်တွေရဲ့ အဆုံးအမတွေလည်း ဆိပ်သုဉ်းနေပြီ။ မင်းအောင်လှိုင် စစ်အာဏာရှင်ကလည်း လုပ်ချင်တာ လုပ်နေတယ်။ ဘုန်းကြီးတွေကလည်း စစ်တပ် လုပ်ချင်တာ လုပ်ပါစေ၊ ငါ့ကို ကိုးကွယ်ရင် ပြီးတာပဲဆိုပြီး ငြိမ်နေကြတယ်။ PDF တွေ လက်နက်စွန့်ရင် ငြိမ်းချမ်းရေး ရမယ်ဆိုပြီး ငြိမ်းချမ်းရေး ဆရာတော်က ပြောတယ်။ အမှန်က လူငယ် PDF တွေကို ပြောရမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆရာတော်က မင်းအောင်လှိုင်ကို ငြိမ်းချမ်းလိုရင် လေယာဉ်နဲ့ မကြဲဘဲ အပစ်အခတ်တွေ ရပ်ဖို့ ပြောရမှာပါ။ ပြောင်းပြန် ဖြစ်နေတာ။ အဲဒီကစ ဗမာပြည်မှာ အကုန်လုံး မှားနေတာ။ အခုတော့ ကထိန်တွေလည်း ခင်းလို့ မရဘူး။ ဝါလည်း ဆိုလို့ မရဘူး။ သင်္ကြန်လည်း ပျော်လို့ မရဘူး။ တရားစခန်းတောင်မှ ဗုံးကြဲတယ်ဆိုတော့ အင်မတန် လွန်လွန်းသွားပြီ” လို့ မဲဆောက် ကထိန်ပွဲကို ကြွလာတဲ့ ဆရာတော် အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။
ထိုင်းနှင့် မြန်မာ နှိုင်းစရာ
“ထိုင်းနိုင်ငံမှာလည်း စစ်အာဏာသိမ်းတာ အကြိမ်များစွာ ရှိခဲ့တယ်။ စစ်တပ် ပစ်ခတ် သတ်ဖြတ်တာတွေ ဖြစ်လာရင် ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုက ဝင်ရောက် ဖြေရှင်း ပေးကြတယ်။ ဒါကြောင့် ပြည်သူလူထုတွေဟာ သက်သာရာရကြတယ်။ မြန်မာမှာတော့ ဒီလို မရှိပါ။ တဖက်မှာကြည့်ရင် မြန်မာသံဃာတော်တွေကလည်း မင်း အစိုးရ ပြည်သူအပေါ် ဩဇာညောင်းပါတယ်။ ဘုရင်ခေတ်တွေမှာရော ကိုလိုနီခေတ် လွတ်လပ်ရေးရပြီးစ ခေတ်တွေမှာပါ နိုင်ငံရေး အကျပ်အတည်းကို သံဃာတွေ မနေသာဘဲ ဝင်ရောက် တည့်မတ်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အခု နွေဦးတော်လှန်ရေးမှာတော့ သံဃာတွေဟာ ငြိမ်းချမ်းရေးလမ်းကို မပြဘဲ စစ်အာဏာရှင် အကြိုက်ကိုသာ လိုက်လျောဆက်ဆံ ပြောကြား ဟောပြောနေကြကိုပဲ တွေ့နေရပါတယ်။ ဒါကြောင့်ပဲ မဲဆောက်ကထိန်မှာ ဆရာတော် အရှင်စန္ဒောဘာသက “ဗမာပြည်ဟာ ဘုန်းကြီးသာသနာဟာ ပျက်နေတယ်” လို့ မိန့်ကြားတာ ဖြစ်ပုံရပါတယ်။
တရားစခန်း မဟာစည်ကျောင်း ဗုံးကြဲကြောင်း
ဘုရားအလောင်း
မင်းကောင်းဟုဆို
မြှောက်ပင့်ပိုလည်း
ဗုံးကြဲသတ်နေ
ဗိုလ်ချုပ်တွေကား
ဖက်ဆစ်များသာ ဖြစ်ပါ၏။ ။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုရွာက တရားစခန်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက် ဥပုသ်နေ့မှာ စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ တရားထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၁ ရက် မနက် ၁၂ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားလို့ ဥပုဒ်စောင့်နေကြတဲ့သူ ၂၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ၅ ယောက် ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
၂၀၂၆ ဧပြီလအတွင်းကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက တိုက်သစ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်ခံရမှုကြောင့် အသက် ၂၉ နှစ်နဲ့ ၅၀ ကျော်အရွယ် ရဟန်း ၂ ပါး ဗုံးစထိမှန်ဒဏ်ရာနဲ့ ပျံလွန်တော်မူခဲ့ရပြီး ဘုန်းတော်ကြီး ၁၆ ပါးနဲ့ သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နှစ်ထပ်ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်၊ ဆွမ်းစားကျောင်းဆောင်နဲ့ ရေတွင်းတို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
စစ်တပ် လက်ချက်နဲ့ ပျံလွန်ခဲ့ရတဲ့ သံဃာအပါးရေဟာလည်း ၆ နှစ်အတွင်း ၁၀၀ နီးပါး ရှိနေပါပြီ။ ဒီထဲမှာ ပဲခူးက ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး အပါအဝင် ထင်ရှားတဲ့ ဆရာတော်တွေဟာလည်း အာဏာသိမ်း စစ်တပ် လက်ချက်နဲ့ ပျံလွန်ခဲ့ရတာပါ။
မန္တလေး၊ ပြည်ကြီးတံခွန်ဆရာတော်လို့ သိကြတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံဃာသပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ပါဝင်သူ ဦးအဂ္ဂဝံသကို စစ်တပ်က ဖမ်းဆီးပြီးနောက်၊ သတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် မန္တလေးမြို့က ဆရာတော် ဦးသောဘိတ(ခ)အလင်္ကာကြယ်ဟာလည်း ထောင်က လွှတ်ပေးအပြီးမှာ ပျောက်ဆုံးနေတာ ၃ နှစ် ရှိပါပြီ။
မဘသနဲ့ ဘုန်းကြီးကျောင်းတွေ ဗုံးကြဲ သံဃာတွေ သေပျောက်ကိစ္စ
မဘသ (အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) ကို ၁၅ ရက်၊ ဇန်နဝါရီလ ၂၀၁၄ ခုနှစ်က ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ၁၇ ဇူလိုင်မှာ အမည်ပြောင်းခဲ့ပေမဲ့ မဘသဟာ ဆက်ရှိနေဆဲပါ။ ဒါဆိုရင် ဘုန်းတော်ကြီးကျောင်းတွေကို လေယာဉ်တွေနဲ့ စစ်တပ်က ဗုံးကြဲနေတာ ကိုယ့်အမျိုးတွေရဲ့ ဘာသာ သာသနာတွေ ပျက်စီးနေတာ မဟုတ်ဘူးလား။ အာဏာသိမ်း ၆ နှစ်မှာ ကျောင်းကန်ဘုရား ရာနဲ့ချီ ပျက်စီးသွားခဲ့ပြီလေ။ မဘသ၊ မဟန ဆရာတော်တွေကရော တခြား သိန်းနဲ့ချီတဲ့ ရဟန်းတော်သံဃာတော်တွေကရော မတားဆီးကြတော့ဘူးလား။ ဟိုတနေ့ မဲဆောက် ကထိန်ပွဲမှာ ကြွလာတဲ့ ဆရာတော် အရှင်စန္ဒောဘာသ(ခ)ဦးပဉ္စင်းကျော်ကျော် မိန့်ဆိုကြသလို မဘသ၊ မဟန ဆရာတော်တွေဟာ အမျိုး ဘာသာ သာသနာကို မစောင့်ရှောက်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်စောင့်ရှောက်နေကြပြီလား။ ကိုယ့်ဆွေကိုယ့်မျိုးတွေကိုသာ စောင့်ရှောက်နေကြပြီလား။ ရပ်ကွက်ထဲ၊ ရွာထဲမှာ ပြောနေကြသလို စစ်တပ်ဘောမ ဘုန်းကြီးတွေလား။ ဆွမ်းသင်္ကန်း ကျောင်း ဆေး အလှူရှင် ပြည်သူလူထုကြီးရဲ့ ဒုက္ခတွေကို ထိုင်ပြီးတော့သာ ကြည့်နေကြတော့မှာလား။
ဒါယကာကြီး မင်းအောင်လှိုင် ဗုံးကြဲနေတာ ရပ်ပေးပါ
ဆရာတော် ဦးပညာဇောတဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၄၀ သီတင်းသုံးနေတဲ့ မြန်မာ၊ ကရင်၊ ထိုင်း၊ ပါဠိ ဘာသာတွေ တတ်ကျွမ်းတဲ့ ရဟန်းတပါးပေါ့။ ထိုင်းနိုင်ငံက ရွှေ့ပြောင်း ကရင်၊ ဗမာ၊ မွန် လူမျိုးတွေ လူထောင်ချီ တက်ရောက်တဲ့ စုပေါင်း ဘုံကထိန်သင်္ကန်းကပ်ပွဲမှာ ဦးပညာဇောတ က အခုလို မင်းအောင်လှိုင်က ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲနေတာတွေ ရပ်ပေးဖို့ ပြောလိုက်ပါတယ်။
“မင်းအောင်လှိုင်ကို ဦးပဉ္စင်း ပြောချင်တာက တပြည်လုံးမှာ ကထိန်တွေ လွတ်လွတ်လပ်လပ် ခင်းနိုင်အောင် လူထုတွေကို ဘုန်းကြီးကျောင်းတွေကို ဗုံးတွေ မကြဲနဲ့။ အခုကတော့ တပြည်လုံးမှာ စစ်တပ်က ဗုံးတွေ ကြဲနေတာပဲ။ မဟာစည် တရားရိပ်သာကျောင်းမှာလည်း ကြဲ၊ စာသင်ကျောင်းတွေကိုလည်း ကြဲ၊ ရခိုင်ကျောက်တော်မှာ ဈေးတွေကိုလည်း ကြဲ။ မကြဲသင့်ပါဘူး။ ဒါတွေဟာ။ စစ်ရာဇဝတ်မှု ဖြစ်တာပေါ့။ ဒီလို ဗုံးကြဲတာတွေ ရပ်သင့်တယ်။ ဒါယကာကြီး မင်းအောင်လှိုင်ရေ ဗုံးကြဲတာတွေ ရပ်ပါ။ ဒါမှ ကထိန်ပွဲတွေ လုပ်လို့ရမယ်။ သာသနာလည်း ထွန်းကားမယ်။”
ရဟန်းသံဃာ
သတ်မိပါက
ကမ္ဘာပျက်စေ
အပြစ်မကျေ။ ။
ဗုံးကြဲနေတော့ မအေးချမ်း၊ မအေးချမ်းတော့ ကထိန်ပွဲတွေ နည်းပါးနေတယ်။
အခုဆို ကျောင်းတရားရိပ်သာ ဆွမ်းစားဇရပ် ဘုရားစေတီတွေကို ဗုံးကြဲနေတယ်။ ရဟန်းသံဃာတွေ ပျံလွန်တော်မူနေကြရတယ်။ သံဃာသတ်တဲ့ အာဏာသိမ်းစစ်တပ်ဟာ အပြစ်ကြီးလွန်းလှတယ်။ သာမန် တိရစ္ဆာန် သေးသေးလေးကို သတ်လျှင်တောင်မှ အပြစ်ရှိကြောင်း ဗုဒ္ဓမြတ်စွာဘုရားက ဟောခဲ့တယ်။ “နှံပြည်စုတ် တလုပ်စာ ငရဲတပိဿာ” လို့ ဆိုကြတယ်။ လူကို သတ်လျှင်တောင် အပြစ်က တော်တော့်ကို ကြီးပါတယ်။ တရားရုံးတွေက လူသတ်မှုကို ထောင်နှစ်ရှည်၊ တကျွန်း၊ သေစားသေစေ အထိတောင် အပစ်ပေးကြတယ်။ သီတဂူဆရာတော်က သရဏဂုံ မတည်သူတွေကို သတ်တာ အပြစ်မရှိဘူးလို့ ဟောဖူးတယ်။ ဗုဒ္ဓဘုရားကတော့ လူဖြစ်ဖြစ်၊ ငှက်ဖြစ်ဖြစ်၊ ငါးဖြစ်ဖြစ်၊ ယင်ကောင်ဖြစ်ဖြစ် သတ်ရင် အပြစ်ရှိတယ်လို့ ဟောခဲ့တယ်။ သံဃာသတ်ရင်တော့ အပြစ်က ကြီးလွန်းပါတယ်။ အရိယာသံဃာကို သတ်မိရင် ပိုလို့ ပိုလို့ အပြစ်ကြီးတာပေါ့။ သံဃာ ၁၀၀ ကျော်ကို ၅ နှစ်အတွင်း သတ်ထားတဲ့ အာဏာသိမ်း စစ်တပ် ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာမှာတောင် သံဃာသတ်တဲ့ အပြစ်ကြီးပုံတွေကို “ပစ္စပ္ပန်သံသရာ ပြေးမလွတ်သည့် အလွန်ကြီးမားတဲ့အပြစ်” ဆိုပြီး အခုလို ဖော်ပြထားတယ်။ စစ်တပ်ကြီးတခုလုံးက သူတို့စစ်တပ်ရဲ့ သတင်းစာကို သေသေချာချာ ဖတ်ပုံမရ။
ပစ္စပ္ပန်မှာ
သံသရာဘေး
ပြေးမလွတ်ငြား
ကြီးမားလွန်းစွာ
အပြစ်ပါပေ
သံဃာသတ်ခြင်း
ငရဲတွင်းသာ လားရာရှိတော့၏။ ။
သံဃာသတ်ရင် ပဉ္စာနန္တရိယကံလိုမျိုး အဆုံးအပိုင်း အခြားမရှိ အကုသိုလ်ကံမျိုး ရောက်နိုင်တယ်။ ရဟန်းသံဃာတွေကို သတ်ဖြတ်တာဟာ မျက်မှောက်မှာရော သံသရာမှာပါ အလွန်ကြီးလေးလှတဲ့ အပြစ်တွေကို ခံစားကြရတယ်။ တကယ်လို့ ဒီကျူးလွန်မှုကို ဂရုစိုက်စရာ မလိုဘူးလို့ (ကံ၊ ကံ၏အကျိုးကို မယုံကြည်မှု) ဆိုရင် အကုသိုလ် အမျိုးမျိုးမှာ အပြစ်အကြီးလေးဆုံးဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိကံထိုက်မည်မှာပါ။ မိစ္ဆာဒိဋ္ဌိကံထိုက်သူဟာ တကမ္ဘာ ပျက်ပေမဲ့ အပြစ်မကုန်ဆုံးသေးဘဲ နောက်တကမ္ဘာအသစ်မှာ အပြစ်ဆက်၍ ခံရတယ် ဆိုတာကို တရား ကျမ်းဂန်တွေမှာ အတိအလင်း ပြထားပါတယ်။ ဒါကြောင့် တရားသဘော အယူမှန်ရှိသူတွေဟာ ကံ၊ ကံ၏ အကျိုးကို မယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိအယူရှိသူတွေနဲ့ ဝေးဝေးရှောင်နေမှသာ မိမိတို့ရဲ့ ဘဝ သံသရာမှာ အန္တရာယ်ကင်းဝေးမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်
ရာကျော်သံဃာ
သတ်ထားတာမို့
ပြေးလို့မလွတ်
မချွတ်စသာ
သံသရာတိုင်
ခံရာအကြွေး ဆပ်ပေးရဦးမည်။ ။
ပဲခူးမြို့က ရွှေကျင်ဂိုဏ်းဗဟို အလုပ်အမှုဆောင် ဝင်းနိမ္မိတာရုံ ဆရာတော်ကိုလည်း အာဏာသိမ်း စစ်တပ်က ပစ်သတ်ခဲ့တယ်။ အာဏာသိမ်းကာလ ၆ နှစ်နီးပါးမှာ သံဃာ ၁၀၀ ကျော်ထိအောင် စစ်တပ်က သတ်ပစ်ခဲ့ပြီ။ ဘုရား ဘုရား လောဘကြီးပြီး အာဏာသိမ်းခဲ့မိတာကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး အပါအဝင် ရဟန်း အပါး ၁၀၀ ကျော် စစ်တပ်က သတ်မိလိုက်ပါပြီ။ သေနတ်ကိုင်ထားတဲ့ စစ်တပ်မို့ ပြည်သူက အရေးမယူနိုင်ပေမဲ့ အပြစ်ကတော့ ပျောက်မသွားပါ။ နွေဦးတော်လှန်ရေး အောင်မြင်သွားရင် တရားစွဲ အပြစ်ပေးကြ ပါလိမ့်မည်။ ဒါ့အပြင် သံဃာသတ်ခဲ့သူတွေ၊ ကိုယ်တိုင် သေနတ်နဲ့ပစ်ခဲ့သူတွေ၊ ဗုံးကြဲခဲ့တဲ့ လေတပ်စစ်သားတွေ၊ အမိန့်ပေး ခိုင်းစေခဲ့တဲ့ အာဏာသိမ်းခဲ့သူ မင်းအောင်လှိုင်၊ စိုးဝင်း၊ အောင်လင်းဒွေး တို့ အပါအဝင် ဗိုလ်ချုပ်တွေ အားလုံး ဒီပြစ်ဒဏ်ကို လက်ရှိဘဝမှာရော သံသရာတလျှောက်လုံးမှာပါ ခံရပါဦးတော့မှာပါ။ ပြေးမလွတ်နိုင်။
ကထိန်ပျက်ယွင်း ဗုံးကြဲမင်းနှင့် မဘသဘုန်းကြီးများသို့
မလုပ်ရဲတာ မရှိသူတွေကြောင့် ကထိန်ပွဲတွေ နည်းပါးနေပြီ။ ဘုန်းကြီးကျောင်းတွေ ကထိန်ခင်းချိန် စစ်လေယာဉ်တွေ ရုတ်တရက် ပေါ်လာပြီး ဗုံးမကြဲပါဘူးလို့ ဘယ်သူကမှ အာမမခံနိုင်သော တိုင်းပြည်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ပုံရိပ်ကျဆင်းနေရပြီ။ ကမ္ဘာပေါ်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံ ဖြစ်ပေမဲ့ ဘာသာ၊ သာသနာအကျိုးနဲ့ ဝေနေယျ သတ္တဝါတွေ ချမ်းသာရေးကို ထမ်းရွက်နေကြတဲ့ ရဟန်းသံဃာတော်တွေကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်နေတာကို သာသနာပိုင် ဆရာတော်ကြီးတွေက ရပ်တန့်ဖို့ ပန်ကြားပြောဆိုတာ မရှိ။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်မယ် ဆိုတဲ့ မဘသ ဆရာတော်တွေဟာလည်း စစ်အာဏာသိမ်းတပ်ကိုသာ ကောင်းကြောင်း ပြောဟောနေကြပါပြီ။ ဗုံးကြဲခံ ဘုန်းတော်ကြီးကျောင်းတွေကိစ္စဟာ မဘသ အလုပ် ဟုတ်ပုံမရ။ ကထိန်ရာသီ ကထိန်ပွဲတွေ နည်းပါး ဆုတ်ယုတ်လာနေတာဟာ မဘသနဲ့ လားလားမျှ ဆိုင်ပုံမရ။ ။











