DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်စဲရေး ဘုံသဘောတူညီချက် ရဖွယ်ရှိ
DVB
·
October 25, 2013
တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်စဲရေး ဘုံသဘောတူညီချက် ရဖွယ်ရှိ
Donate to DVB

ဒီလကုန်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံက ထိပ်သီးခေါင်းဆောင်တွေဟာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာ စုဝေးပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ကြမယ့် မူကြမ်းတခုအပေါ်မှာ ဆွေးနွေးကြဖွယ် ရှိနေပါတယ်။

အဲဒီ မူကြမ်း ပေါ်ပေါက်လာတာဟာ ကေအန်ယူနဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က ခေါင်းဆောင်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက ကိုင်စွဲထားတဲ့ ၂၅ မျက်နှာခန့် ရှိတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောထားစာတမ်းကို ရန်ကုန်ကို ယူလာပြီး မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး မူကြမ်းတခု ပြုစုခဲ့ကြတယ်လို့ စင်တာရဲ့ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

“ယူလာတဲ့ ၂၅ မျက်နှာခန့် ရှိတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောထားစာတမ်းကို မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြမ်းအားဖြင့် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်တွေကို ထုတ်မှာဖြစ်ပါတယ်။ ထပ်ပြီး တပ်ပြလိုတာက အစိုးရ ချည်းပဲမဟုတ်ဘူး။ တိုင်းရင်းသားခေါင်းဆောင်အားလုံးကို မဆိုလိုဘူး။ တိုင်းရင်းသား ခေါင်းဆောင်တချို့ ယူလာတဲ့အပေါ်မှာ အခြေခံပြီး ဆွေးနွေးတယ်လို့ တင်ပြချင်ပါတယ်။ အခုအချိန်မှာ ဒီဟာသည် အတည်ပြုတာ မဟုတ်ပါဘူး။
နှစ်ဖက်ဆွေးနွေးထားတဲ့ အကြမ်းမျဉ်းပဲ ရှိပါသေးတယ်။ ကျနော်တို့ နားလည်တာက အစိုးရအဖွဲ့ တာဝန်ရှိသူတွေ စဉ်းစားနေ ပြင်ဆင်နေတယ်လို့ပဲ နားလည်တယ်။ တပြိုင်နက်ထဲမှာ ကေအန်ယူခေါင်းဆောင်တွေအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ လိုင်ဇာမှာ ဒီအကြမ်းကို ဆွေးနွေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါဟာ ဖွင့်ပေးထားတဲ့ တံခါးပေါက်ပါ။”

အဲဒီ စာတမ်းမှာ ပါဝင်တဲ့အချက်တွေကိုတော့ အသေးစိတ်ပြောကြားခြင်းတော့ မရှိပါဘူး။ အဲဒီ စာတမ်းမူကြမ်းကို အစိုးရဘက်ကလည်း စိတ်ဝင်စားပုံပြသကြောင်းလည်း သူက ပြောပါတယ်။

ဒီလကုန်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ လိုင်ဇာဆွေးနွေးပြီးတဲ့အခါ ချောမောရင် လာမယ့် နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပါ အဖွဲ့ဝင်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ရည်ရွယ်ကြောင်း၊ အဲဒီပွဲမှာ မူကြမ်းကို နှစ်ဘက်ညှိနှိုင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ အဲဒီဆွေးနွေးပွဲကနေ မူကြမ်းတခု ထွက်လာရင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆွေးနွေးပွဲ လုပ်ဆောင်ရေးပဲ ဖြစ်ကြောင်း၊ ဒါကြောင့် နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ပထမဦးဆုံး အရေးကြီးတဲ့ အကူးအပြောင်းတခုကို သွားနိုင်မယ်လို့ ယူဆပါကြောင်း ပြောကြားပါတယ်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို သွားနိုင်ဖို့ အကြိုညှိနှိုင်းဆွေးနွေးပွဲ လိုအပ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။ အကြိုညှိနှိုင်းဆွေးနွေးပွဲမှာ အစိုးရသဘောထားတင်မကဘဲ အားလုံးနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့ဆိုတဲ့ သဘောထားရှိပါတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ ပြောခွင့်ရသူ နိုင်ဟံသာကို လိုင်ဇာဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးမလဲဆိုတာကို မေးကြည့်တော့ အခြေခံအားဖြင့် တပ်တည်နေရာချထားရေးနဲ့ အပစ်ခတ်ရပ်စဲမှုခိုင်မာရေးလို အချက်တွေ ပါဝင်ပါတယ်လို့ ပြောပါတယ်။

“အစိုးရဘက်က တကယ်တမ်း အပစ်အခတ် ရပ်ဆဲရေး ဖြစ်နိုင်ဖို့ တပ်တွေကို ခွာဖို့ တပ်တွေကို နေရာချထားပေးရမယ်။ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ သေသေချာချာ ဖြစ်ဖို့ရယ်။
ကျနော်တို့ ဒီအစည်းအဝေးမှာ ထိပ်သီး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးတော့မှ ထုတ်ပြန်မယ်။ လောလောဆယ် ငြိမ်းချမ်းရေးမရသေးခင်မှာ မထုတ်ပြန်ချင်သေးဘူးဗျ။”

ဦးလှမောင်ရွှေကတော့ နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို လာမယ့်နှစ် ဧပြီလလောက်မှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင် ဦးအောင်နိုင်ဦးကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်ရင်း ဆွေးနွေးသွားဖို့ လိုအပ်တယ်ဆိုတာ ထည့်ရှင်းပါတယ်။

ဦးလှမောင်ရွှေနဲ့ ဦးအောင်နိုင်ဦးတို့ဟာ ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ကျင်းပတဲ့ ၆ ကြိမ်မြောက် အရပ်ဘက်လူထုအခြေပြုအဖွဲ့များက ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ ဖိုရမ်မှာ ဧည့်သည်အဖြစ် တက်ရောက်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013