DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများထံ ငွေတောင်းသည့် ထိုင်းရဲများကို အမှုဖွင့်
DVB
·
October 24, 2013
မြန်မာအလုပ်သမားများထံ ငွေတောင်းသည့် ထိုင်းရဲများကို အမှုဖွင့်
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာအလုပ်သမားတွေ အများဆုံး နေထိုင်တဲ့ မဟာချိုင်မှာ မြန်မာနိုင်ငံသားတွေဆီကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ငွေတောင်းခံတဲ့ ဖြစ်ရပ်တွေ ဆိုးဝါးလာတဲ့အတွက် စမွတ်စခွန်ခရိုင် ရဲစခန်းကို မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။

၂ နိုင်ငံ အစိုးရ ထုတ်ပေးထားတဲ့ အလုပ်သမား မှတ်ပုံတင်နဲ့ တရားဝင် အလုပ်လုပ်ခွင့်ရှိတဲ့ မဟာချိုင်က မြန်မာ အလုပ်သမားတွေဆီကနေ ငွေတောင်းခံတဲ့ ထိုင်းရဲတွေကို မြန်မာသံရုံး အကူအညီနဲ့ အခုလို တိုင်ချက်ဖွင့်လိုက်တာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဦးကျာ်သောင်းက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က အလုပ်က ပြန်လာတဲ့ တရားဝင် မြန်မာအလုပ်သမား ၄ ယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးပြီး ပါလာတဲ့ ငွေတွေကို ယူဆောင်ခဲ့သလို အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ပေါင်နှံကာ ငွေတွေယူဆောင်သွားတဲ့နောက် အခုလို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရှေ့နေ၊ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တွေကို ပြသတိုင်ပင်ရာမှာ လူမှုရေးအဖွဲ့အစည်းအနေနဲ့ အမှုဖွင့်လို့ မရတဲ့အတွက် မြန်မာသံရုံးကို အကူအညီသွားရောက် တောင်းခံရမှာ လိုလိုလားလား ကူညီခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှာ သွားရောက် အမှုဖွင့်ရာမှာ လက်ခံခဲ့တာလို့ ဆိုပါတယ်။

“မဟာချိုင်ပုလိပ်တွေ မတရားလုပ်တာတွေ ကြာပြီ။ အလုပ်သမားတွေ ခရမ်းသီး၊ ၀က်သား၊ ငါးခြောက် ၀ယ်စားတဲ့စာရင်းတွေကိုလည်း ဆေးဆိုပြီးဖမ်းတယ်။ ကျနော်တို့ဆီမှာ အထောက်အထားရှိ ဗွီဒီယို၊ ဓာတ်ပုံဆိုပြီး ရှေ့နေရော၊ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုရော တိုင်ပင်ကြည့်တယ်။ သူတို့က အကြံပေးတယ်။ အဲဒါလူမှုရေးအဖွဲ့အနေနဲ့ ကိုင်တွယ်လို့မရဘူး။ ထိုင်းအာဏာပိုင်ကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်နေတာ။ ဒါကြောင့် သံရုံးမှာ လာပြီး အမှုဖွင့်မှာဖြစ်မယ်ဆိုပြီး ကျနော်တို့ သံရုံးကို အကူညီတောင်းတယ်။ သံရုံးကလည်း လိုလိုလားလားပဲ ထိုင်းပုလိပ်ဌာနချုပ်ကိုသွားပြီး သံရုံးထောက်ခံစာနဲ့ အမှုဖွင့်ကြတယ်။”

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေနည်းတူ အခွင့်အရေးပေးဖို့ ပြောဆိုထားပေမယ့် တန်းတူအခွင့်အရေး မရသလို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို သွားရောက်ပါကလည်း လမ်းမှာရှိတဲ့ စစ်ဆေးရေး ဂိတ်တွေက ရဲတွေကလည်း ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ ဦးကျာင်သောင်းက အခုလို ရှင်းပြပါတယ်။

“ပတ်စပို့ရှိတဲ့ မြန်မာအလုပ်သမားတွေကို လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ရှိတယ်။ ထိုင်းအလုပ်သမားနည်းတူ အခွင့်အရေးရမယ်လို့ ထိုင်း-မြန်မာအစိုးရတွေက ပြောခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နေရပ်ပြန်တဲ့အလုပ်သမားတွေဟာ မဲဆောက်နဲ့ ဘန်ကောက်ကြားမှာရှိတဲ့ ဂိတ် ၉ ဂိတ်မှာ ၁ ဂိတ်ကို ၁၀၀ စီပေးနေရတယ်။ တချို့ အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့သူတွေဆို ၂၀၀၀၊ ၃၀၀၀ ပေးနေရတယ်။ အဲဒါတွေကို ဗွီဒီယိုကလစ်တွေနဲ့ ရိုက်ပြီးတော့မှ မြန်မာအစိုးရနဲ့ ဘန်ကောက်မှာ မြန်မာနဲ့ထိုင်းအန်ဂျီအိုတွေ စုပေါင်းဖွင့်ထားတဲ့ အဖွဲ့ကိုလည်း တင်ပြထားတာ ၆ လလောက် ရှိပြီ။ ဒီပြဿနာကို မြန်မာအစိုးရရော၊ ထိုင်းအစိုးရရော အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူး။”

မဟာချိုင်အရပ်မှာ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေက မြန်မာလုပ်သမားတွေဆီကနေ ငွေတောင်းတဲ့ ဖြစ်ရပ်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တာဖြစ်ပေမယ့် ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းပေးမယ့် သူမရှိသလို သက်သေခံပေးမယ့်သူလည်း မရှိဖြစ်နေတာပါ။

ငွေတောင်းခံရတဲ့ အလုပ်သမားတွေက လိုလိုလားလား သက်သေခံပေးပြီး မြန်မာသံရုံးကလည်း ကူညီပေးလာတဲ့အတွက် ခုလို ပြန်ပြီ အမှုဖွင့်နိုင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013