DVB Logo
Home
မြန်မာသတင်း
ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ အကောင်အထည်ဖော်
DVB
·
October 24, 2013
ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ အကောင်အထည်ဖော်
Donate to DVB

၂၀၀၆ ခုနှစ် စစ်အစိုးရ လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ဆေးလိပ်သောက်ခွင့် မရှိတဲ့နေရာတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံသတိပေးနှိုးဆော်လိုက်ပါတယ်။

အောက်တိုဘာ ၂၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာကနေ အသိပေးနှိုးဆော်ချက် ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး၊ ဥပဒေပါအချက်တွေကို ပြည်သူတွေသိအောင် ထုတ်ပြန်ခဲ့တာပါလို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာနန်းနိုင်နိုင်ရှိန်က ပြောပါတယ်။

ဆေးလိပ်မသောက်ရတဲ့နေရာတွေကို ဥပဒေနဲ့ပြဋ္ဌာန်းထားတာမို့ ပြည်သူတွေ သိရှိလိုက်နာဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
“သူများသောက်တဲ့ ဆေးလိပ်ငွေ့ရှူရတာက ကိုယ်တိုင်ဆေးလိပ်သောက်သလိုပဲ အန္တရာယ်က ခံစားရတယ်လေ။ အဲဒီတော့ ဆေးလိပ်သောက်တဲ့သူတွေ သူများ ဆေးလိပ်ငွေ့ရှူရတာ မရှူရအောင် ကာကွယ်ဖို့အတွက် ကျမတို့မှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ ဆေးလိပ်မသောက်ရတဲ့နေရာတွေကို ဥပဒေပြဋ္ဌာန်းပြီး သတ်မှတ်ထားတာပေါ့နော်။ ဒီလို သတ်မှတ်ထားတာကို ပြည်သူတွေအနေနဲ့လည်း သိရှိပြီးတော့ သူတို့အနေနဲ့က လိုက်နာပြီး ပူးပေါင်းပါဝင်သင့်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ ကျမတို့ ထုတ်ပြန်တာပါ။”

ဆေးလိပ်မသောက်ရတဲ့နေရာတွေမှာ ဆေးလိပ်သောက်ရင် အရေးယူပြီး ပြစ်ဒဏ်ချမှတ်လို့ ရတယ်။ အဲ့ဒီလို အရေးယူပြစ်ဒဏ်ချနိုင်ဖို့ အဲ့ဒီနေရာတွေက တာဝန်ခံတွေမှာ တာဝန်ရှိတယ်ဆိုတာ သိရှိအောင် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးအကြောင်းကြားစာ ဆက်လက်ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန် ဦးမြင့်ဦးကတော့ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ အခုလို သတင်းစာထဲ ကြော်ငြာထည့်ရုံအပြင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။

“ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေ ထုတ်ထားပြီးသား။ အဲဒီတုန်းကတည်းက စာသင်ကျောင်းနဲ့ ဘယ်လောက်အကွာအဝေးမှာ ဆေးလိပ်တွေ မရောင်းရဘူး။ နောက်တခါ မီးခိုးကင်းမဲ့ဇုန်ပေါ့ဗျာ။ ဆေးလိပ်မသောက်ရတဲ့နေရာ ဆေးရုံတို့ စာသင်ကျောင်းတို့ ရုပ်ရှင်တို့ အစုံပါတာပေါ့။ အဲဒီဥပဒေထုတ်တာ ကြာလှပြီဗျ။ ဂျာနယ်တချို့က ရေးတော့မှ ကျန်းမာရေး ၀န်ကြီးဌာနက ဒါတွေကိုသိအောင် ကြော်ငြာကဏ္ဍနဲ့ထည့်တော့ သတင်းစာတွေထဲမှာ ကြော်ငြာတွေနဲ့ နာရေးတွေနဲ့ ရောပြီး ပါလာတာပေါ့။ နေ့စဉ်လူတွေကြည့်နေတဲ့ တီဗွီတွေ၊ မိုဘိုင်းဖုန်း မက်ဆေ့တွေ၊ အများသိအောင် ပိုစတာတွေပါ ထောင်ထားရမှာပေါ့။ ဆေးရုံဆိုရင်လည်း ဒီနေရာ ဆေးလိပ်ကင်းမဲ့ဇုန်ဖြစ်တယ်၊ ဘယ်နှမိုင်အတွင်း ဘယ်နှကိုက်အတွင်း ဆေးလိပ်မသောက်ရဘူး။ ဆေးလိပ်မရောင်းရဘူး။ ကွမ်းမစားရဘူး။ ဆေးရွက်ကြီးက ကွမ်းထဲမှာ ပါတာပေါ့။ တကယ် ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်တယ်။ ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် ဂျာနယ်တိုင်းမှာ ကြော်ငြာဖို့ အစိုးရအနေနဲ့က ငွေမပေးရပဲ အစိုးရ သတင်းစာတွေ ရုပ်မြင်သံကြားတွေမှာ သုံးလို့ရတာပဲ။ ဒါက ကျနော့်အမြင်ပါ။”

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ဆေးလိပ်မသောက်ရနေရာတွေထဲ ဆေးရုံ၊ ဆေးခန်းပရ၀ဏ်၊ စာသင်ကျောင်းတွေ၊ အားကစားရုံ-အားကစားခန်းမတွေ၊ ရုပ်ရှင်ရုံဗွီဒီယိုရုံတွေ၊ ခရီးသည်တင် ဘတ်စ်ကားတွေ၊ လေယာဉ်တွေ၊ ကုန်တိုက်တွေ၊ ပြတိုက်မော်ကွန်းတိုက်တွေ စတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေပါဝင်ပါတယ်။

ဒါ့ပြင် ကျောင်းဝင်း ပရ၀ဏ် ပေ ၁၀၀ အတွင်း ဆေးလိပ်မရောင်းချဖို့နဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို ဆေးလိပ် ရောင်းချပေးကမ်းတာတွေ မလုပ်ဖို့ တားမြစ်ချက်တွေလည်း ပါဝင်ပါ တယ်။

ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်ရေးနဲ့ ပြည်သူ့ကျန်းမာရေးထိခိုက်တဲ့ အန္တရယ်ကနေ ကာကွယ်ဖို့ ရည်ရွယ်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလကတည်းက အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ခု ၇ နှစ်ကျော် အချိန်ကျမှ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013