DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားညီလာခံ လိုင်ဇာမြို့တွင် ကျင်းပမည်
DVB
·
October 24, 2013
Donate to DVB

အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲမှာ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လို ပါဝင်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး လက်နက်ကိုင်တိုင်းရင်းသား ညီလာခံ တရပ်ကို လာမယ့် အပတ်တွင်း ကချင်ပြည်နယ်မှာ ကျင်းပသွားဖို့ရှိပါတယ်။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်တဲ့ ညီလာခံကို လာမယ့် အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ သုံးရက်တာကျင်းပမှာ ဖြစ်ပြီး ဒီညီလာခံကို ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အိုကနေ ဦးစီးကျင်းပတာဖြစ်သလို ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီညီလာခံရဲ့ အဓိက ဦးတည်ချက်ဟာ အစိုးရက ဖိတ်ခေါ်ထားတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဘုံသဘော တူညီချက်ရဖို့ ဖြစ်တယ်လို့ ကေအိုင်အို ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအဖွဲ့က ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

“တနိုင်ငံလုပ် အပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ အစိုးရက ပြောထားတယ်။ ဘယ်ပုံ ဘယ်နည်းလုပ်မယ်ဆိုတာ ကျနော်တို့က ကောင်းကောင်းမသိကြတော့ ကျနော်တို့ စီမံချက် တောင်းထားတယ်။ အကြမ်းဖျင်းတော့ ရတယ်။ ဒီအပေါ်မှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးက ဘုံသဘောတူညီချက်တခုနဲ့ ဘယ်ပုံဘယ်နည်း ရှေ့ဆက်သွားမယ်ဆိုတဲ့ဟာကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်လို့ ပြောတယ်။ အဲလိုလုပ်တဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ အကြံပြုချက်တွေ လိုအပ်ပါတယ်။ ကျနော်တို့ တနိုင်ငံလုံးကို ဘယ်ပုံဘယ်နည်းနဲ့ တိုင်းရင်းသားတွေနဲ့တကွ ဖွဲ့စည်းသွားမယ်ဆိုတာ အရေးကြီးပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး ဆွေးနွေးဖို့ဖြစ်တယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ မြစ်ကြီးနားမှာ ကျင်းပခဲ့တဲ့ ကေအိုင်အို ခေါင်းဆောင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ခုလို တိုင်းရင်းသားညီလာခံ လိုင်ဇာမှာ ကျင်းပဖို့ကိစ္စလည်း တချက် ပါဝင်ပါတယ်။

မနေ့ကမှ ပြီးစီးသွားတဲ့ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းဆွးနွေးပွဲမှာတော့ အစိုးရက တင်ပြထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကေအန်ပီပီက လိုက်ဇာ တိုင်းရင်းသားညီ လာခံဆုံးဖြတ်ပြီးတဲ့နောက်မှာမှ အဖြေပေးသွားမယ်လို့ ပြောထားတာပါ။

သမ္မတ ဦးသိန်းစိန် အစိုးရအနေကတော့ လာမယ့် နိုဝင်ဘာလထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံးနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ပြီး အဲဒီနောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲလုပ်မယ်လို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013