DVB Logo
Home
မြန်မာသတင်း
မြန်မာ့ CDM လှုပ်ရှားမှုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်း
DVB
·
March 26, 2021
မြန်မာ့ CDM လှုပ်ရှားမှုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်း
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့  အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM - Civil Disobedience Movement) ကို နော်ဝေနိုင်ငံအော်စလိုတက္ကသိုလ်မှ ပါမောက္ခ ၆ ဦးက  နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။

(အပြည့်အစုံ) 

သို့ 

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီ အော်စလိုအော်စလို

၂၂ မတ် ၂၀၂၁ 

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကော်မတီ 

မြန်မာနိုင်ငံရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM - Civil Disobedience Movement) ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းအပ်ပါသည်။ 

၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)သည် ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်နေရာ အများစုကို အခိုင်အမာရရှိပြီး အနိုင်ရခဲ့ပါသည်။

နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ အဆိုအရ ‌ရွေးကောက်ပွဲတွင် မှားယွင်းလွဲချော်မှုများ ကြီးကြီးမားမားမရှိခဲ့ပါ။ ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့သော ရွေးကောက်ပွဲဟု ဆိုပါသည်။ ရွေးကောက်ပွဲ၏ဖြောင့်မတ်မှုကို ပြည်တွင်းကရော နိုင်ငံတကာကပါ အသိအမှတ်ပြုခဲ့သော်လည်း မြန်မာ့တပ်မတော်က မဲမသမာမှုများရှိသည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်ကန့်ကွက်ခဲ့ပါသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ အန်အယ်လ်ဒီအစိုးရကိုဖယ်ရှားပြီး စစ်အစိုးရ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဖြင့်အစားထိုးလိုက်သည်။ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရဝန်ကြီးများနှင့် ပါတီခေါင်းဆောင်များကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာသည်။ အန်အယ်လ်ဒီပါတီခေါင်းဆောင်များက စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်နည်းလမ်းဖြင့် ဆန့်ကျင်ရန် ပြည်သူလူထုကို ဆော်ဩခဲ့ပါသည်။ အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂများက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို လုပ်ဆောင်၍ အထွေထွေသပိတ်ကြီးကို ဆင်နွှဲကြသည်။

ဂျန်ဇီး( Generation  Z  ) ဟု အမည်တွင်သော လူငယ်များက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုဆန္ဒပြပွဲကို စည်းရုံးဖော်ဆောင်ကြသည်။ ဤလူထုဆန္ဒပြပွဲများတွင် တိုင်းရင်းသားလူမျိုးစုများ၊ အမျိုးသမီးအဖွဲအစည်းများ၊ အလုပ်သမားများ၊ LGBT အစုအဖွဲ့များ၊ အနုပညာရှင်များ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ ခရစ်ယာန်သီလရှင်များ စသဖြင့် အစုအဖွဲ့အသီးသီးက ကြီးမားကျယ်ပြန့်စွာ ပါဝင်ကြသည်။ တပ်မတော် အာဏာသိမ်းလိုက်သည့်နောက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောလှုပ်ရှားမှုများသည် မြန်မာပြည်အနှံ့ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပါသည်။ 

တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာရေးပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ ကျားမနှင့် LGBT ပေါင်းစုံ ပါဝင်သော လှုပ်ရှားမှုများဖြစ်ပါသည်။ 

သို့ဖြင့် CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီး) မွေးဖွားလာပါသည်။ မြန်မာစစ်တပ်သည် CDM လှုပ်ရှားမှုကြီးကို အင်အားသုံး၍ အကြမ်းဖက်တုံ့ပြန်ပါသည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ လူပေါင်း ၂၁၈၁ ယောက်ကို မတရားဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကလေး သူငယ်များအပါအဝင် လူပေါင်း ၂၀၂ ယောက်ကို သတ်ဖြတ်ခဲ့ပါသည်။ 

အရပ်သားတချို့ကို ဦးခေါင်းတည့်တည့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ အသက်သေ‌စေသည်အထိ

အကြမ်းဖက်ခြင်း စသည့်နည်းလမ်းများကို ရည်ရွယ်ချက်ရှိရှိအသုံးပြခဲ့သည်။ ဆန္ဒပြပြည်သူလူထုကို ကြောက်လန့်သွားစေရန်၊ အကြမ်းဖက်တုံ့ပြန်လာစေရန်၊ လူထုက အကြမ်းဖက် တုံ့ပြန်လာသောကြောင့် တပ်မတော်ဘက်က အင်အားသုံးပစ်ခတ်ရပါသည်ဟု အကြောင်းပြချက်ပေးနိုင်ရန်ဖြစ်သည်။ 

စစ်တပ်က အရပ်သားများကို စနစ်တကျသတ်ဖြတ်ညှဉ်းပန်းခြင်းသည် လူ့အခွင့်အရေး အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်ခဲ့ပါသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (IIMM -Independent  Investigative  Mechanism  for Myanmar) ကဲ့သို့သော နိုင်ငံတကာ အဖွဲအစည်းများကလည်း အသေအချာ စောင့်ကြည့်နေခဲ့ပါသည်။ စစ်တပ်က ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ် ဖြိုခွဲခဲ့သော်လည်း မြန်မာပြည်သူလူထုသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြင့် ဆက်လက်ဆန့်ကျင်နေပါသည်။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် သပိတ်မှောက်ခြင်း၊ လမ်းပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ရုံးမတက်ခြင်း၊ သံပုံးများနှင့် အိုးခွက်များကို တီးခေါက်ခြင်း စသည့် ပုံစံမျိုးစုံ ပါဝင်နေပါသည်။ ထိုလှုပ်ရှားမှုကို  လူမှုကွန်ရက်မီဒီယာများကို အသုံးချ၍ လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်းပြောကြားခြင်းဖြင့်လည်းကောင်း ဖော်ဆောင်ခဲ့ပါသည်။

စတင်လုပ်ဆောင်ကတည်းကပင် CDM ( အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကို ပြည်သူလူထုက အကြီးအကျယ်အားပေးထောက်ခံခဲ့ပါသည်။ အာဏာသိမ်းမှုကိုဆန့်ကျင် ဆန္ဒပြနေသော ဒီမိုကရေစီဘက်တော်သားများကို တပ်မတော်က အင်အားတိုးသည်ထက်တိုးပြီး အကြမ်းဖက်နှိမ်နင်းနေသည့်အတွက် CDM ( အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု)  ကို ထောက်ခံအားပေးကြခြင်းဖြစ်ပါသည်။   

CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု)ကို အားပေးထောက်ခံသူများသည် ဖမ်းဆီးနှိပ်စက်ခံရမည့် ဘေးအန္တရာယ်နှင့် သတ်ဖြတ်ခံရမည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နေရသော်လည်း မိမိတို့လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရာတွင် သပိတ်မှောက်ခြင်း၊  ရုံးမတက်ခြင်း၊ ငြိမ်းချမ်းစွာစုရုံးခြင်း၊ အကြမ်းမဖက်ဆန္ဒပြခြင်းနည်းများကိုသာ အသုံးပြုနေခဲ့ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ယခုကဲ့သို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကို အမည်စာရင်းတင်သွင်းခြင်းမှာ အကြမ်းမဖက်သောနည်းလမ်းများကို သုံးပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက်  လုပ်ဆောင်နေသော  အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ 

CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု) သည် မြန်မာနိုင်ငံအတွင်း ခိုင်မာအားကောင်းသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် အကျိုးရှိသော စီမံချက်တစ်ခုကို ပုံဖော်ရာတွင် အဓိကကျသော အရာဖြစ်ပါသည်။

ဆန္ဒပြမှုများတိုးတက်လာသည်နှင့်အမျှ လူထု၏ တောင်းဆိုချက်သည်လည်း ပိုမိုကျယ်ပြန့်လာပါသည်။ အန်အယ်လ်ဒီပါတီ အာဏာပြန်ရေရး တောင်းဆိုချက်မှသည် စစ်မှန်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် အခြေခံကျသော ပြောင်းလဲမှုများရရှိရေး တောင်းဆိုချက်ဆီသို့ တိုးတက်လာပါသည်။ 

CDM (အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု)သည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်လည်းကောင်း၊ လူနည်းစုတိုင်းရင်းသား အဖွဲအစည်းများ (နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲအစည်းများ၊ လက်နက်ကိုင်အဖွဲများ) နှင့် လည်းကောင်း အတူပူးတွဲပြီး အားလုံးသဘောတူပါဝင်သော တပ်ပေါင်းစုရပ်တည်ချက်တခုကို ဖော်ဆောင်ရန် ကြိုးပမ်းနေပါသည်။ 

စစ်တပ်၏သွေးခွဲအုပ်ချုပ်ရေးကို  ဆန့်ကျင်တိုက်ခိုက်ရန်နှင့် ဖက်ဒရယ်ဒီမိုကေရစီစနစ်ကို ထူထောင်ရန်အတွက်ရပ်တည်ချက်ဖြစ်ပါသည်။ ယင်းကြိုးပမ်းချက်သာ အောင်မြင်မည်ဆိုပါက မြန်မာနိုင်ငံအတွင်း  နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့် စစ်တပ်အုပ်ချုပ်ရေး အစဉ်အလာကို လည်းကောင်း၊ မြန်မာပြည်အတွင်းဖြစ်ပွားနေခဲ့သည့် စစ်ပွဲနှင့် ပဋိပက္ခများကို လည်းကောင်း အဆုံးသတ်နိုင်ပါလိမ့်မည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013