DVB Logo
Home
မြန်မာသတင်း
သက်တမ်းအရှည်ဆုံး ကချင်ပါတီ ပြန်လည်ထူထောင်ခွင့်ကျ
DVB
·
October 24, 2013
Donate to DVB

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ထူထောင်ခဲ့တဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန် ဂရက်ပါတီ (Kachin National Congress for Democracy Party) ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့အတွက် ပါတီမှတ်ပုံပြန်တင်တော့မှာ ဖြစ်ပါတယ်။

ပါတီထူထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ ရက်နေ့ နေ့စွဲနဲ့ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် ဆက်လက်ပြီး မှတ်ပုံတင်နိုင်ဖို့ ပါတီရုံးခန်းဖွင့်လှစ်ရေးနဲ့ ပါတီဝင်စည်းရုံးရေးတွေ ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးစီစီနော်ဂျာက ပြောပါတယ်။

ပါတီရဲ့ မူဝါဒ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း သူက အခုလိုရှင်းပြပါတယ်။
“ကျနော်တို့ပါတီ မူဝါဒလမ်းစဉ်ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်ဖို့ ခင်ဗျ။ ပါတီရဲ့ ပန်းတိုင်က ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်ပေါ်လာရေး၊ ပါတီရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ထူထောင်နိုင်ရန်။ နှစ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန်။ သုံးက ပြည်သူတရပ်လုံး လူနေမှုအဆင့်အတန်း မြင့်မားလာရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချသွားနိုင်ရန်။ လေးက လယ်သမားအားလုံး လုံခြုံစိတ်ချစွာနဲ့ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရန်။ ငါးက နိုင်ငံရေး လုပ်ဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီးဦးရေ အရင်းအမြစ်တိုးပွားလာစေရန်၊ ခြောက်က ခိုင်မာသည့် တရားမျှတတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိလာစေရန် ဖြစ်ပါတယ်။”

ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီကို လွန်ခဲ့တဲ့ ၁၉၄၉ ခုနှစ်က သမိုင်းဝင် ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ ကချင်ခေါင်းဆောင်တွေ ကိုယ်တိုင် စတင်ထူထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အမတ် ၃ နေရာ အနိုင်ရခဲ့ပေမယ့်လည်း နိုင်ငံရေး အခြေအနေကြောင့် ပါတီဖျက်သိမ်းခံခဲ့ရပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာမှ ပြန်ပြီး မှတ်ပုံတင်ဖို့ ကြိုးစားလာတာလို့ ဦးစီစီနော်ဂျာက ဆက်ပြောပါတယ်။

သူတို့ပါတီဟာ ယူအန်အေလို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကာလမှာ မဟာမိတ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နဲ့တကွ အခြား တိုင်းရင်းသားပါတီခေါင်းဆောင်တွေ နှစ်ရှည်ထောင်ချခံထားရတာတွေကြောင့် အဲဒီတုန်းကလည်း ရွေးကောက်ပွဲ မ၀င်ခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြင်ဆင်ချိန် နည်းလို့ မ၀င်ခဲ့ရကြောင်း၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ကို ပြန်တင်ရကြောင်း သူက ဆက်ပြီး ရှင်းပြပါတယ်။

သူတို့ပါတီဟာ လူမျိုးတမျိုး၊ အုပ်စုတစုပေါ် အခြေပြုတာ မဟုတ်ဘဲ ပြည်နယ်ပေါ်မှာ အခြေပြုတာဖြစ်တဲ့အတွက် ပါတီထဲကို ကချင်ပြည်နယ်က ဘယ်တိုင်းရင်းသားမဆို ၀င်ရောက်နိုင်ပြီး ပြည်နယ်တိုးတက်ရေး ကြိုးစားလို့လည်း ပြောပါတယ်။

သူတို့ပါတီကို လွန်ခဲ့တဲ့ ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၁၀ ရက် ကချင်ပြည်နယ်နေ့မှာ ကချင်အမျိုးသားများကွန်ဂရက် (Kachin National Congress)ဆိုတဲ့အမည်နဲ့ စတင် ထူထာင်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာတော့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက် (Kachin National Congress for Democracy) ဆိုတဲ့အမည်နဲ့ ရွေးကောက်ပွဲဝင်ခဲ့တယ်၊ မြစ်ကြီးနား၊ ချီးဖွေနဲ့ ဆွမ်ပရာဘွမ်မြို့နယ် ၃ ခုမှာ အမတ် ၃ နေရာ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ပါတီခေါင်းဆောင်အနေနဲ့ ဒူဝါးခန်ဒါးယော်က ဥက္ကဋ္ဌ၊ ဒူဝါးဘွမ်ဂျာယော်က အတွင်းရေးမှူးတို့ ဖြစ်ကြပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၂၇ ဦးရှိကာ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ အခြေစိုက်မယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013