Home
မြန်မာသတင်း
မိုးညှင်းမြို့၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၂ ဦး ကျဆုံး၊ ဈာပနတွင်လူစုပါက ပစ်ခတ်မည်ဟု ခြမ်းခြောက်
DVB
·
March 26, 2021
165092174_1418059428558816_2278908217896392819_n
164180012_1418059085225517_6222133686929453608_n
163596952_1418059391892153_1979199068562500934_n
162239011_1418059115225514_6023713027030958888_o

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ မတ် ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး  ကျည်ဆန်ထိမှန် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့မနက်ပိုင်းက မိုးညှင်းမြို့၊ စက်ကုန်းရပ်ကွက်အတွင်း လမ်းလျှောက်သပိတ်ချီတက်သူတွေကို အကြမ်းဖက်အုပ်စုက အင်အားသုံးဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ မိုးညှင်းရဲစခန်းထဲမှာ သံဃာတော်တွေ ဦးဆောင်ပြီး နှစ်ဖက်ညှိနှိုင်းခဲ့ကြပါတယ်။ 

ရဲစခန်းပြင်ပနဲ့ မြို့နယ်တရားရုံးရှေ့မှာ စုဝေးနေတဲ့ လူအုပ်စုကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ပြောကြားနေခိုက် စစ်ကားရောက်ရှိလာပြီး တောက်လျှောက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက်က ဦးဝင်းဆွေဟာ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး နေ့လယ် ၁ နာရီမှာ ကျဆုံးခဲ့ပါတယ်။

စစ်တပ်ရဲ့အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် တိမ်းရှောင်သွားသူတွေထဲက နှစ်ဦးဟာ မိုးဒါးစုတံတားအောက်မှာ ဝင်ပုန်းနေခိုက် သတင်းပေး ဒလံတစ်ဦးက လိုက်လံပြသတာကြောင့် မွန်းတည့် ၁၂ နာရီခွဲလောက်မှာ ရဲက လာရောက်ပစ်ခတ်ခဲ့ပြီး တစ်ဦး ကျဆုံးကာ ဒဏ်ရာရသူ တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနေရာမှာ ကျဆုံးသူဟာ အသက် ၂၀ အရွယ် ကိုစိုးနိုင်ထွန်းဖြစ်ပြီး မြစ်ကြီးနား နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ပြင်ပ ဆက်ဆံရေးတာဝန်ခံ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျဆုံးသွားသူတွေကိုတော့ ဒီကနေ့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်း သင်္ဂြိုဟ်မှာဖြစ်ပြီး နာရေးအခမ်းအနားမှာ လူ ၅၀ ထက်ပိုပါက ပစ်မိန့်ပေးမယ်လို့ အကြမ်းဖက်ရဲတပ်ဖွဲ့က ခြိမ်းခြောက် ပြောထားကြောင်း သိရပါတယ်။

မတ် ၂၅ ရက်နေ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၆ ဦးခန့် ရှိပြီး တစ်ဦးကတော့ ဦးခေါင်းကို ကျည်ရှပ်ထိသွားတာ‌ကြောင့် စစ်တပ်က လာရောက်ခေါ်ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-ပြည်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024