
ငြိမ်ချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူတွေ မလုပ်ကြဖို့နဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို တိုက်တွန်းလိုက်တာပါ။
ကြေညာချက်ထဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကုလသမဂ္ဂက လိုလား ကူညီဆောင်ရွက်သောကာလ ဖြစ်ကြောင်း၊ ဒါ့အပြင် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၊ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ စတဲ့ ကော်မတီတွေ ဖွဲ့စည်းပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနဲ့ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်နေချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်တွေကို ထိခိုက်စေမယ့် အပြောအဆို အပြုအမှုများ မပြုလုပ်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။











