DVB Logo
Home
Lead Story
မီဒီယာမှာ လူထုနိုင်တယ်(ဆောင်းပါး)
DVB
·
March 24, 2021
မီဒီယာမှာ လူထုနိုင်တယ်(ဆောင်းပါး)
Donate to DVB

စစ်တပ်အာဏာသိမ်းတဲ့  ဖေဖော်ဝါရီ ၁ ရက်ကစပြီး  မီဒီယာနှိပ်ကွပ်မှုအကြီးအကျယ်  စတင်ခဲ့တယ်။ အဲ့ဒါကတော့ ပြန်ကြားရေးဝန်ကြီးဌာနမှာမှတ်ပုံတင်ပြီး တရားဝင်ထုတ်လွှင့်နေတဲ့ DVB နဲ့ Mizzima  ရုပ်သံ တီဗီလိုင်းတွေကို ပိတ်ပစ်ခဲ့တာပါပဲ။

ပြည်တွင်းအခြေစိုက် အဲ့ဒီ တီဗီလိုင်းတွေအပြင် နိုင်ငံတကာတီဗီလိုင်းတွေဖြစ်ကြတဲ့ CNN၊ BBC ၊ CNA၊ NHK ၊ DW စတဲ့ တီဗီတွေကိုပါ ပိတ်ပစ်ပြီး သတင်းအမှောင်ချဖို့ စတင်လုပ်ဆောင်ခဲ့တယ်။

DVB နဲ့ Mizzima ရုပ်သံက PSI စလောင်းကတဆင့် ဆက်လက်ထုတ်လွှင့်ခဲ့ပြီး ပုဂ္ဂလိကသတင်းစာတွေကလည်း အရှိန်မပျက် ဆက်လက်ထုတ်ဝေခဲ့တယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ပြန်ကြားရေးက ထုံးစံအတိုင်း စစ်ကောင်စီလို့ မရေးရ အာဏာသိမ်းစစ်ကောင်စီလို့ မသုံးရ စသဖြင့် ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်လာခဲ့တယ်။

CPRH က စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့လို့ ကြေညာခဲ့ပြီး နောက်မှာတော့ မီဒီယာတချို့က စစ်ကောင်စီရဲ့အကြမ်းဖက်အဖွဲ့လို့သုံးနှုန်းရေးသားလာကြသလို စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် ဆိုတာမျိုးတွေပါ ရေးခဲ့ကြတယ်။

သတ်ဖို့ဖြတ်ဖို့ပိတ်ဆို့ဖို့လောက်ပဲ လုပ်တတ်တဲ့စစ်ကောင်စီဟာ မတ်လ ၈ ရက်မှာ DVB နဲ့ Mizzima    အပါအဝင် မီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ပါတော့တယ်။

ထုတ်ဝေခွင့် ပိတ်သိမ်းခံလိုက်ရတဲ့ သတင်းဌာနတွေထဲမှာ Mizzima နဲ့ DVB က ၂၄ နာရီ Free-to- Air ထုတ်လွှင့်ခွင့်လိုင်စင်တရားဝင် ရထားတဲ့ရုပ်သံမီဒီယာတွေဖြစ်ပြီး  Myanmar Now နဲ့  ခေတ်သစ် သတင်းဌာန ၂ ခုကတော့ အွန်လိုင်း စာမျက်နှာကနေတဆင့် သတင်းတွေတင်နေတာပါ။

7 Day သတင်းဌာနကတော့   7 Day နေ့စဉ်သတင်းစာ၊ အွန်လိုင်းစာမျက်နှာနဲ့ အွန်လိုင်း  TV တို့ကနေသတင်းတွေ တင်ပြနေတာဖြစ်ပါတယ်။

ဒီလိုအပိတ်ခံရပြီးတဲ့နောက် ကျန်တဲ့ ပုဂ္ဂလိက သတင်းစာတွေလည်း စိုးရိမ်စိတ်များစွာနဲ့ အသီးသီး ရပ်နားကုန်ပါတယ်။

အပိတ်ခံလိုက်ရတဲ့ မီဒီယာ ၅ ခု အနက် 7 Day တခုပဲ တုံးတိရပ်သွားတာဖြစ်ပြီး ကျန် မီဒီယာ ၄ ခုဟာ သူတို့ရဲ့ပလက်ဖောင်းအသီးသီးကနေ နေ့စဉ်မပျက် သတင်းတွေ ဆက်လက် တင်ဆက်ပေးနေတယ်။

ခဏနားသွားတဲ့ စံတော်ချိန်သတင်းစာ ပြန်ထွက်လာပေမယ့် စစ်ကောင်စီကို ထိခိုက်စေမယ့် သတင်းမျိုး သိသိသာသာ လက်ရှောင်ရေးနေတာ တွေ့ရတယ်။ 

စာပေနဲ့ယဉ်ကျေးမှု ခရီးသွားဆောင်းပါးစတဲ့ ဆောင်းပါးတွေသာ ဖော်ပြပေးနေပြီး သတင်းစာဝိညာဉ်  ပျောက်ဆုံးနေတယ်။

စစ်တပ်က အာဏာသိမ်းပြီး မီဒီယာကို နှိပ်ကွပ်လိုက်လို့ သတင်းအမှောင်ကျသွားတာက စစ်တပ်ဖြစ်ပြီး လမ်းဘေးကားမှတ်တိုင်နဲ့  ဓာတ်တိုင်မှာ စာလိုက်ကပ်ရတဲ့ အဆင့်ရောက်သွားတယ်။

ကြေးမုံနဲ့မြန်မာ့အလင်းသတင်းစာတွေမှာ ဖြစ်ရပ်နဲ့ပြောင်းပြန် သတင်းတွေ ရေးသားဖော်ပြလို့ သတင်းစာ လပေးယူထားသူတွေက လာမပို့ဖို့ တားမြစ်တာ မျိုးလုပ်လာကြတယ်။

စစ်ကောင်စီတက်ပြီး ရက်ပေါင်း ၅၀ ကျော်အတွင်း သတင်းစာရှင်းလင်းပွဲ ၃ ကြိမ်လုပ်ခဲ့ရာမှာ  လုပ်ကြံဖန်တီးထားတဲ့ ရုပ်သံဖိုင်တွေကြောင့် ပြည်သူများကြားမှာ ဟားတိုက်ရီစရာဖြစ်ခဲ့တယ်။

ခေတ်က ဖေ့စ်ဘွတ်ခေတ်ဖြစ်ပြီး အဖြစ်အပျက်တွေက မိနစ် စက္ကန့်နဲ့အမျှတက်နေသလို အဲ့ဒီနောက်မှာလည်း ယုံကြည်ရတဲ့သတင်းဌာနတွေက သတင်းတင်လာလို့ သတင်းစီးဆင်းမှုက ပိုပြီးမြန်ဆန်နေတယ်။  

ပြည်သူတွေကိုသတင်းအမှောင်ချဖို့  အင်တာနက်တွေ ပိတ်ထားပေမယ့်  DVB ၊ BBC ၊ Myanmar Now စတဲ့သတင်းဌာနတွေရဲ့  လူမှုကွန်ရက်တွေမှာ  အချိန်နဲ့အမျှ သတင်းသစ်တွေ  ဆက်တိုက်တင်ပေးနေတာလည်း တွေ့မြင်နေရတယ်။

တဘက်မှာကြည့်ရင်လည်း  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေထုတ်လွှင့်နေတဲ့    MRTV လူမှုကွန်ရက်စာမျက်နှာက တက်လာလိုက် လူထုက ဝိုင်းပြီး ရီပို့ထုလိုက် ပျောက်သွားလိုက် အနေအထားဖြစ်တာ တွေ့မြင်နေရတယ်။

မြို့အသီးသီးမှာ တိတ်ဆိတ်တဲ့ Silent Strike အသံတိတ်သပိတ်လုပ်တယ်။ဟော နေ့ခင်းပိုင်းရောက်တော့ ဒီသတင်းက  CNN မှာတက်နေပြီ။

 နွေဦးတော်လှန်ရေးကာလမှာ  မီဒီယာပိုင်းနဲ့ သတင်းစီးဆင်းမှုအပိုင်းမှာကြည့်ရင် ပြည်သူနိုင်ပြီး စစ်အာဏာရှင်ကျဆုံးတယ်။

အရေးတော်ပုံ အောင်ရမည်။

ကိုလေအိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013