DVB Logo
Home
မြန်မာသတင်း
သင်္ဂဟဟိုတယ် ဖောက်ထွင်းလုယက်မှု တရားခံမမိသေး
DVB
·
October 24, 2013
သင်္ဂဟဟိုတယ် ဖောက်ထွင်းလုယက်မှု တရားခံမမိသေး
Donate to DVB

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နယ်မြေက ထိပ်တန်းဟိုတယ်စာရင်းဝင် သင်္ဂဟဟိုတယ်မှာ အခန်းတွင်း ဖောက်ထွင်းလုယက် ရိုက်နှက်ခံရတဲ့ အမျိုးသမီးဟာ  ဆေးရုံကြီးကနေ ဆင်းပြီး ရန်ကုန်ကို ပြန်သွားပြီလို့ ဒီအမှုကို ကိုင်တွယ်တဲ့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။

ဟိုတယ်အနေနဲ့လည်း ဒဏ်ရာရအမျိုးသမီးရဲ့ ကျန်းမာရေးကို တာဝန်ယူမယ့်အကြောင်းနဲ့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မယ့်အကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ တည်းခိုတဲ့ ကယားအမျိုးသမီးငယ်တဦးရဲ့အခန်းတွင်းကို အမည်မသိသူတဦး ဖောက်ထွင်းဝင်ရောက်ပြီး လူကိုလည်း ရိုက်နှက်သွားသလို ငွေနဲ့ စီဒီရွမ်တခုကို ယူဆောင်သွားတယ်လို့ ရဲက ပြောပါတယ်။

နေပြည်တော်နယ်မြေ ဒက္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်း အမှုစစ်ရဲတပ်ဖွဲ့ ၀င်တဦးက  အခင်းဖြစ်ပွားမှုအခြေအနေကို ရှင်းပြရာမှာ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ သင်္ဂဟဟိုတယ်အခန်းက  ရေချိုးခန်း အိမ်သာဘက်က မှန်ခွာနေတဲ့အသံကို အမျိုးသမီးက ကြားလို့ ကြည့်တဲ့အခါ  အမျိုးသားတဦးအရိပ်ကို မြင်လို့ သူ အလုပ်လုပ်တဲ့ ဆူမီတိုမိုကုမ္ပဏီရဲ့ မန်နေဂျာကို ဖုန်းဆက်ကြောင်း ရှင်းပြပါတယ်။

အဲဒီမန်နေဂျာဟာ ဟိုတယ်တခုတည်းက တခြားအဆောင်တခုမှာ တည်းကြောင်း၊ ဖောက်ထွင်းသူဟာ  ၁ ပေနဲ့ ၅ ပေ စတုရန်းမှန်ကို ခွာပြီး ၀င်ရောက်လာကြောင်း၊ ဒီနောက် အခန်းတွင်း ၀င်ရောက်လာပြီး ဖုန်းကို ပိတ်ပြီး ခေါင်းကို ရိုက်ချတာဖြစ်ကြောင်းနဲ့ အမျိုးသမီးငယ်က တယ်လီဖုန်းဆက်နေစဉ်မှာ အခန်းတွင်း ၀င်ရောက် ရိုက်နှက်ပြီး ငွေနဲ့ စီဒီရွမ်တခု  လုယူထွက်ပြေးသွားတာလို့ ပြောပါတယ်။

“၀င်ပြီးဘာလုပ်လဲတော့ မသိဘူး။ သူ့ကို ရိုက်လိုက်တာပဲလို့ ပြောတယ်။ တနေရာမှာက ၅ ချက်ချုပ်လိုက်တယ်။ တခြားနေရာတခုမှာက ၇ ချက် ချုပ်လိုက်ရတယ်။ ဒေါ်လာ ၅၀၀ နဲ့ သူ့ရဲ့ စီဒီရွမ်တခု ယူသွားတယ်။ အဲဒီလူက ပါးစပ်ပိတ်ပြီး မိန်းမကိုယ်ကို လက်လာတယ်လို့ပြောတယ်။ မုဒိမ်းပြုရန် ကြံစည်မှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်တယ်။ အခုက အမှု ဖောက်ထွင်းမှုဆို ပိုပြီး ကြီးသွားပြီ။”

နေပြည်တော်က ကုတင် ၁၀၀၀ ဆံ့ ဆေးရုံကို ပို့ဆောင်ကုသခဲ့ရင်း မေးမြန်းခဲ့တာလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ ဒဏ်ရာရအမျိုးသမီးဟာ ဒဏ်ရာသက်သာလို့ ရန်ကုန်ကို ပြန်သွားပြီလို့ ဆိုပါတယ်။

သင်္ဂဟဟိုတယ် ဖောက်ထွင်းဝင်ရောက်မှုနဲ့ပတ်သက်ပြီး ပေါက်တောစခန်းမှူးကို ဆက်သွယ် မေးမြန်းတဲ့အခါမှာလည်း အဆင့်မြင့်အာဏာပိုင်တွေကလည်း ဒီအမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်အောင် ဖိအားပေးနေတယ်လို့ ပြောပါတယ်။

“ကျနော်လည်း အာရုံနောက်နေတယ်။ အခုပဲ လူကြီးတွေက အပေါ်ကနေ ခေါ်ပြီး ဖိအားပေးလို့ အခုချိန်မှာ ပြောပြဖို့ တော်တော်အခက်ခဲရှိတယ်။”

နေပြည်တော်က အထင်ကရ သင်္ဂဟဟိုတယ် ဖောက်ထွင်း ရိုက်နှက်လုယက်မှု ဖြစ်ပွားချိန်ဟာ ရန်ကုန်မြို့က အထင်ကရဟိုတယ်ဖြစ်တဲ့ ထရိတ်ဒါးဟိုတယ် အထပ် ၉ လွှာမှာ ဗုံးပေါက်ကွဲမှု ဖြစ်အပြီး နာရီပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ရန်ကုန်ကို ပြန်သွားတယ်လို့ ရဲက ပြောဆိုပြီး အသေးစိတ်တော့ ဆက်လက် မေးမြန်းလို့ မရပါဘူး။

သင်္ဂဟဟိုတယ်မှာ လုံခြုံရေးစီမံထားရှိမှုအခြေအနေနဲ့ ဒဏ်ရာရ အမျိုးသမီးအတွက် ဟိုတယ်က လိုက်ပါဆောင်ရွက်ကူညီမှု အတိုင်းအဆနဲ့ ပတ်သက်လို့ ဟိုတယ်ဒါရိုက်တာ ဦးသန်းထွတ်ကို ဆက်သွယ်မေးမြန်းရာမှာ ဒဏ်ရာရအမျိုးသမီးအတွက် ဟိုတယ်က တာဝန်ယူ ဆောင်ရွက်နေသလို ဟိုတယ်လုံခြုံရေးတိုးမြှင့်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က သူရဲ့ ကျန်းမာရေး ကိစ္စအ၀၀ကို တာဝန်ရှိထားပါတယ်။ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ၊ ဆုံးရှုံးမှုတွေအားလုံးကိုလည်း ကျနော်တို့ တာဝန်ယူထားပါတယ်။ ဟိုတယ်လုံခြုံရေးကိုလည်း ကျနော်တို့ ပြန်ပြီးလုပ်နေပါတယ်။ လက်ရှိလုံခြုံရေးအဖွဲ့ကိုလည်း ပြန်သုံးသပ်နေပြီး စီစီတီဗွီတွေ တပ်ဖို့လည်းရှိပါတယ်။ ဒီရက်ပိုင်းတွင်းမှာပဲ ကျနော်တို့ ခြံစည်းရိုးတွေကိုလည်း ထပ်ပြီး မြှင့်တင်ဖို့ ရှိပါတယ်။”

ဗုံးကွဲမှုတွေနဲ့ ဗုံးလန့်မှုတွေ ဖြစ်ပြီးတဲ့နောက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက   အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ အဓိက လည်ပတ်နားခိုတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဟိုတယ်ဝန်ထမ်းတွေကို လုံခြုံရေးဆိုင်ရာသင်တန်း ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013