
မြန်မာနိုင်ငံတဝန်း ရန်ကုန်နဲ့ မန္တလေးအပါအဝင်နယ်မြို့တွေအသီးသီးမှာ ဒီကနေ့ ဈေးတွေ ဆိုင်တွေ ပိတ်ပြီး လမ်းမတွေပေါ် လူတွေမထွက်ပဲ စစ်အာဏာရှင်ကို အသံတိတ်ဆန္ဒ ပြနေကြပါတယ်။
ရန်ကုန်မြို့လယ်ခေါင် ဆူးလေတဝိုက်မှာ ဒီနေ့မနက် လူတွေကားတွေအသွားအလာရှင်း နေပေမဲ့ ရန်ကုန်ဘူတာကြီးမှာတော့ ပင်စင်စားတွေကို ပင်စင်လစာတွေထုတ်ပေးနေတဲ့ အတွက် လာရောက် ထုတ်ယူသူတချို့ရှိနေပါတယ်။
တာမွေမြို့နယ် ကျောက်မြောင်းမှာတော့ လက်နက်ကိုင်စစ်တပ်တွေက မနက်ပိုင်း ၉ နာရီလောက်ကတည်းက ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။
မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အပါအဝင် မြို့တွေ နယ်တွေအသီးသီးမှာတော့ စစ်အာဏာရှင်ကို အသံတိတ်ဆန္ဒပြနေပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ဈေးဆိုင်တွေ ပိတ်ထားတာကြောင့် စစ်အာဏာသိမ်းအုပ်စုက ဈေးဆိုင်တွေ ပြန်လည်ဖွင့်ကြဖို့ ဖိအားပေးတယ်လို့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
"စစ်အာဏာသိမ်းအုပ်စုက အင်အားအလုံးရင်းနဲ့ ဈေး-၁ ဘက်ကိုလာပြီးမှ ဈေးခေါင်းကို ဈေးဆိုင်တွေ ပြန်ဖွင့်ဖို့ အတင်းဖိအားပေး ပြောတယ်။ ဒါနဲ့ဈေးခေါင်းက မဖွင့်နိုင်ဘူးလို့ ပြန်ပြောလိုက်လို့ ဈေးခေါင်းရဲ့အချက်လက်တွေယူပြီး ပြန်သွားတယ်"လို့ ဈေးသည်တစ်ဦးက ဆိုပါတယ်။
မတ်လ ၂၄ ရက်နေ့မှာ တိတ်ဆိတ်ခြင်းဖြင့်ဆန္ဒပြခြင်း (Silent Strike) ကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။
မတ်လ ၂၄ တစ်ရက်တည်းကို စျေးဆိုင်တွေ၊ စျေးကွက်တွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ရပ်နားတာ အပြင် ကျန်မာရေးကိစ္စကလွဲပြီး တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း မပြုလုပ်ကြပဲ တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။
ဆူပါမတ်ကတ်တွေဖြစ်တဲ့ City mart, Makro, Kantharyar Shopping Centre တို့အပြင် တခြားဝန်ဆောင်မှုတွေကို မတ်လ ၂၄ ရက်နေ့ တစ်ရက်တည်းကို ပိတ်မယ်လို့ ထုတ်ပြန်ထားကြပါတယ်။
ရန်ကုန်မှာတော့ မနေ့ညက အာဏာသိမ်းစစ်အုပ်စုက ကားတွေနဲ့လှည့်လည်ပြီး မိဘပြည်သူတွေအနေနဲ့ ပုံမှန်အတိုင်းသွားလာ ဈေးတွေဆိုင်တွေ ရောင်းဝယ်ဖောက်ကားမှုတွေ ကို စိတ်အေးချမ်းသာစွာပြုလုပ်ကြဖို့ လိုက်လံနှိုးဆော်ခဲ့ပါတယ်။
“တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံး ဟစ်ကြွေးသံဖြစ်သည်” ဆိုတဲ့ Silent Strike ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။










