DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်း ဗီဇာမလို ၂ ပတ်ကြာ လည်နိုင်တော့မည်
DVB
·
October 23, 2013
မြန်မာ-ထိုင်း ဗီဇာမလို ၂ ပတ်ကြာ လည်နိုင်တော့မည်
Donate to DVB

မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေ ဗီဇာမလိုဘဲ နှစ်နိုင်ငံကြား ၂ ပတ်ကြာ အပြန်အလှန်  သွားလာနိုင်ဖို့အတွက် ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါတယ်။

လေယာဉ်နဲ့သွားလာတဲ့ ထိုင်း-မြန်မာနှစ်နိုင်ငံ ခရီးသွားတွေအတွက် ၁၄ ရက်ကြာ  ပြည်ဝင်ခွင့်  ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်တာလို့ ဒီကနေ့ ထိုင်းနိုင်ငံထုတ် သည်နေရှင်း သတင်းစာမှာ ဖော်ပြပါတယ်။

ဒီအစီအစဉ်မူကြမ်းကို လာမယ့် ဒီဇင်ဘာလ ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသွားတဲ့အခါ  နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက်တင်ပြသွားမယ်လို့ ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရှိသူ တီရာရတ် ရတနာသီရိက  သတင်းမှာပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ မြန်မာပြည်သွားရောက်ဖို့ ရှိနေတာပါ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက  နှစ်နိုင်ငံ အစိုးရတွေအကြား မူအားဖြင့် သဘောတူထားတဲ့ သီတင်း ၂ ပတ်ကြာ ဗီဇာကွင်းလွတ်ခွင့် အစီအစဉ်အရ  ထိုင်းနိုင်ငံက လေဆိပ်ပေါင်း ၂၃ ခုမှာ ဗီဇာ မလိုဘဲ လာရောက်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။

လတ်တလော ရန်ကုန်လေဆိပ်ကနေ ၀င်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေထဲ ထိုင်းခရီးသည်တွေ အများဆုံးဖြစ်ပြီး အခုလို ဗီဇာမလိုဘူးဆိုရင် ထိုင်းခရီးသည်တွေ ပိုများလာဖို့ပဲရှိတယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ထွန်းဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇန်န၀ါရီ ကနေ အောက်တိုဘာအထိ စာရင်းကို ကြည့်လိုက်ရင် ၀င်ရောက်သမျှ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးက ထိုင်းက ဖြစ်နေတာကို တွေ့ရပါတယ်။ ဥရောပ၊ အမေရိကား၊ အာရှ ရှိသမျှ နိုင်ငံခြားသားတွေကို ကြည့်လိုက်ရင် ထိုင်းက အများဆုံးဖြစ်နေတာ တွေ့ရတယ်။ ထိုင်းက ခွင့်ပြုလိုက်တဲ့ ၁၄ ရက်ပေါ် မူတည်ပြီးတော့ နဂိုကတည်းက များနေတာဆိုတော့ ပိုပြီးများလာဖို့ပဲရှိပါတယ်။”

ခရီးသွားလုပ်ငန်းရှင်တဦးကတော့ ဗီဇာလုပ်စရာမလိုတဲ့အတွက် နှစ်နိုင်ငံစလုံးမှာရှိတဲ့ သံရုံးတွေမှာ ပွဲစားအဆင့်ဆင့်နဲ့ ဖြတ်ကျော်နေရတဲ့ ဒုက္ခတွေ ကင်းဝေးသွားမယ်လို့ မှတ်ချက်ပေး ပါတယ်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးထွန်းမြတ်ကတော့ မြန်မာပြည်ထဲ ထိုင်းဧည့်လမ်းညွှန်တွေ လုံလုံလောက်လောက်ရှိတယ်လို့ ပြောပါတယ်။ ထိုင်းခရီးသွားတွေဟာ ဘုရားဖူးဖို့ လာရောက်တာများတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဗုဒ္ဓဂါယာသွားသလိုမျိုးပဲ။ ဒီမှာက ရွှေတိဂုံတို့၊ ကျိုက်ထီးရိုးတို့၊ ပဲခူး၊ ဟံသာဝတီတို့ ဆိုတာက ဘုရင့်နောင် လက်ထက် ထိုင်းတွေနဲ့ ပတ်သက်ခဲ့တဲ့ နေရာဖြစ်တော့ ဘုရားဖူးဖို့ လာတာဗျ။ ပြီးတော့ မဟာမြတ်မုနိလိုဟာမျိုး။ ထိုင်းဧည့်သည်တွေ အကုန်လုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကျနော်တို့ မြန်မာတွေ ဗုဒ္ဓဂါယာသွားဖူး သလိုမျိုး မြန်မာပြည်ကို လာကြတာများပါတယ်။ ထိုင်းတွေက ဘာသာရေးနဲ့လာတာ များတယ်။ တခါတလေ သူတို့ရဲ့ ဘာသာရေး ၀တ်စုံတွေ ၀တ်လာတာများတယ်။ ဘုရားတွေကို လှူတယ်၊ စာကလေး တွေကို ပိုက်ဆံအများကြီးပေးပြီးလွှတ်တယ်။ ကျိုက်ထီးရိုးမှာဆိုလည်း အထမ်းသမားလေးတွေက အစ အလုပ်ဖြစ်တယ်။ ကျိုက်ထီးရိုးအပေါ်တက်ရင်လည်း ရွှေသင်္ကန်းတွေ ကပ်တယ်။ မဟာမြတ်မုနိမှာလည်း မနက်အစောကြီး မျက်နှာသစ်တော်ရေအတွက်ကို သူတို့ဆီက စပယ်ရှယ် ယူလာတဲ့ ပစ္စည်းတွေကို လှူတယ်။ ပဲခူး ကြခတ်ဝိုင်း စာသင်သားတွေအတွက် လှူဒါန်းဖို့အတွက် သူတို့ဆီက ပစ္စည်းတွေ ယူလာတယ်။  ထိုင်း ဧည့်သည်တွေလာတဲ့ကိစ္စက တိုင်းပြည် အတွက်ကော ဘာသာ သာသနာအတွက်ရော ကောင်းတယ်လို့ မြင်ပါတယ်။”

အခုနှစ် ဇန်န၀ါရီလဆန်းကနေ အောက်တိုဘာ ၂၁ ရက်အထိ ရန်ကုန်လေဆိပ်က ကမ္ဘာလှည့်ခရီးသည် ၅ သိန်း ၃ သောင်းကျော် ၀င်ရောက်ခဲ့ပြီး၊ အာရှနိုင်ငံတွေက ခရီးသည် ၃ သိန်းကျော်၊ ဒီထဲမှာ ထိုင်းခရီးသည်က ၈ သောင်းကျော် ၀င်ရောက်ခဲ့တယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013