DVB Logo
Home
မြန်မာသတင်း
မြန်မာ လူမှုအဖွဲ့အစည်းအခြေအနေ အာရှဒီမိုကရေစီ ကွန်ရက်တွင် တင်ပြ
DVB
·
October 23, 2013
မြန်မာ လူမှုအဖွဲ့အစည်းအခြေအနေ အာရှဒီမိုကရေစီ ကွန်ရက်တွင် တင်ပြ
Donate to DVB

တောင်ကိုးရီယားနိုင်ငံမှာ ကျင်းပတဲ့ အာရှဒီမိုကရေစီကွန်ရက်(အေအန်ဒီ) တည်ထောင်ခြင်း အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေးလှုပ်ရှားသူတွေလည်း တက်ရောက်ပြီး မြန်မာ့အရေး ပါဝင်ဆွေးနွေးသွားခဲ့ကြပါတယ်။

အောက်တိုဘာ ၂၁ နဲ့ ၂၂ ရက်တွေက ဆိုးလ်မြို့မှာ ကျင်းပတဲ့ အာရှဒီမိုကရေစီကွန်ရက် စတင် တည်ထောင်ခြင်းအထိမ်းအမှတ် ဆွေးနွေးပွဲမှာ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ၊ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အစိုးရက အရေးယူ ဆောင်ရွက်ပေးစေချင်တဲ့ကိစ္စတွေ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတဦးဖြစ်တဲ့ မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့က ဦးစိုးအောင်က ပြောပါတယ်။

“အဓိကထားပြီး ပြောချင်တဲ့အချက် ဘာလဲဆိုရင် မြန်မာနိုင်ငံမှာ ဟိုးရှေးကတည်းက ရှိထားတဲ့ ဥပဒေတွေကို လက်ရှိ အစိုးရက ဆက်လက်ပြီး ကျင့်သုံးနေတုန်းပဲ။ ဥပမာပေးရမယ်ဆိုလို့ရှိရင် အီလက်ထရွန်နစ်ဥပဒေတို့လို မတရားအသင်းပုဒ်မတွေ မဖျက်ပေးသေးဘူးလေ။ အဲဒါတွေအပြင် လွှတ်တော်က ချလိုက်တဲ့ ဥပဒေထဲမှာလည်း အဲဒီဥပဒေတွေကို အသုံးချပြီးတော့မှလည်း ဆန္ဒပြမယ်ဆိုရင် လူတွေ ဖမ်းဆီး ထောင်ချခံနေရတယ်။ ဒါတွေက လက်ရှိ လွှတ်တော်ကနေ ချမှတ်ထားတဲ့ ဥပဒေသစ်တွေကို အသုံးပြုပြီး မတရားပြုလုပ်နေတဲ့ ဟာတွေပေါ့နော်။ အဲဒါတွေက လက်ရှိ ကြုံတွေနေရတဲ့ အခက်အခဲတွေ။ ဒုတိယအချက်က အစိုးရတွေက ဘယ်လို လုပ်ပေးသင့်သလဲ။ အဲဒီ မတရားတဲ့ ဥပဒေမှန်သမျှကို အသစ်ကောနဲ့ အဟောင်းက အမြန်ဆုံး ဖျက်သိမ်းဖို့ လိုအပ်တယ်။ တတိယအချက်က ကုလသမဂ္ဂကနေ သတ်မှတ်ထားတဲ့ အထွေထွေဆုံးဖြတ်ချက်တွေက အများကြီး ရှိတယ်။ မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ စနစ်ထဲမှာ ရှိနေတုန်းပဲ။ ကုလသမဂ္ဂ အချက်တွေ အပေါ်မှာကို မပြောနဲ့။ မြန်မာအစိုးရ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ၀န်မခံတဲ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိပါဘူးဆိုပြီး ဗြောင်ငြင်းခဲ့တာတွေ သာဓကတွေ ဆက်ရှိနေတုန်းပဲပေါ့။ အဲဒီလို ကိစ္စမျိုးတွေ ဆက်ဖြစ်နေအုံးမယ်ဆိုရင် ဆုံးဖြတ်ချက်တွေဘယ်လောက်ပဲချချ ဆုံးဖြတ်ချက်တွေက စည်းနှောင်မှု မရှိဘူးဆိုရင် ဘယ်လိုမှ အကျိုးသက်ရောက်မှုတွေ ရှိမှာမဟုတ်ဘူးလို့ မြင်တယ်။”

အာရှဒီမိုကရေစီကွန်ရက် ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီက လူမှုအဖွဲ့အစည်းတွေနဲ့ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အပေါ် သုံးသပ်မှုတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါအပြင် ၂၀၁၄ ခုနှစ်မှာ မြန်မာက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန် အာဆီယံ လူမှုအဖွဲ့အစည်းညီလာခံနဲ့ အာဆီယံလူထုဖိုရမ်ကို ကျင်းပတဲ့အခါမှာ ပြည်သူလူထု အခြေခံတဲ့ လူမှုအဖွဲ့အစည်းက ဦးဆောင်မလား၊ အစိုးရရဲ့ လက်ဝေခံ လူမှုအဖွဲ့အစည်းတွေက ဦးဆောင် ကျင်းပတဲ့ ညီလာခံ ဖြစ်လာမလားဆိုတာကို နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေက စောင့်ကြည့်ပြီး တရားမျှတအောင် အကူအညီပေးဖို့ လိုတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

အေအန်ဒီအဖွဲ့မှာ အာရှ ရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေး၊ ကိုးရီယား ဒီမိုကရေစီကွန်ရက်၊ အာရှ စာနယ်ဇင်းမိတ်ဖက်များ မဟာမိတ်အဖွဲ့တို့လို အဖွဲ့တွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013