
တရားမဝင် အကြမ်းဖက်စစ်ကောင်စီကနေ ၂၀၂၁ ခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲမှာ ပူးပေါင်းပါဝင်ရောင်းချ၊ ဝယ်ယူကြမည့် ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်းမယ်လို့ CRPHက ဒီကနေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ဆုံးဖြတ်ချက်အရ ထုတ်ပြန်တာလည်းဖြစ်ပါတယ်။
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ် ကိုဗစ်-၁၉ ကပ်ရောဂါ ဆက်လက်ဖြစ်ပွါးနေတဲ့ကာလ ဖြစ်တဲ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထု နေ့စဉ်ထိခိုက်နစ်နာနေတဲ့ ကာလအတွင်း နိုင်ငံ့သယံဇာတတွေကို ရောင်းချခြင်းဟာ ခွင့်လွှတ်နိုင်ဖွယ် မရှိသောလုပ်ရပ်ဖြစ်တယ်လို့ ပါရှိပါတယ်။
အဲ့ဒီအတွက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေနဲ့ ကျောက်မျက်ရတနာ ပြပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ တားမြစ်လိုက်တာဖြစ်ပြီး ပူးပေါင်းပါဝင် ရောင်းဝယ်တာတွေ့ရှိပါက အမည်ပျက်စာရင်း (Black List) မှာ ထည့်သွင်းပြီး ပြည်သူ့ အစိုးရအနေနဲ့ မည်သည့်စီးပွားရေး လုပ်ငန်းမျှ လုပ်ဆောင်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း သတိပေးလိုက်ထုတ်ပြန်လိုက်တာပါ။










