DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ရဲနှင့်စစ်တပ်က ပစ်ခတ်သဖြင့် ဆန္ဒပြပြည်သူအချို့ဒဏ်ရာရ၊ ၂ ဦးအဖမ်းခံရ
DVB
·
March 22, 2021
မိတ္ထီလာတွင် ရဲနှင့်စစ်တပ်က ပစ်ခတ်သဖြင့်  ဆန္ဒပြပြည်သူအချို့ဒဏ်ရာရ၊  ၂ ဦးအဖမ်းခံရ
1 / 22
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မတ်လ ၂၂ ရက်မနက်က ရတနာမာန်အောင်ရပ် ရေစင်ကြီး အနီးမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံပြည်သူတွေက ဆိုင်ကယ်တွေစီးပြီး ဆန္ဒပြခဲ့ရာမှာ  ရဲနဲ့စစ်တပ်က  သေနတ်နဲ့ပစ်ခတ်လို့ ပြည်သူတချို့ ဒဏ်ရာရပြီး  အမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရတယ်။ 

ဆန္ဒပြအမျိုးသားတစ်ဦးက "တမြို့လုံး စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်း လေး ကြောင်းလောက်ရှိတယ်။ ရဲ ၁၅ ယောက်လောက်ပါတဲ့ အရပ်ဘက်လိုက်ထရပ်ကားနဲ့  ကျနော်တို့ ဆိုင်ကယ် သပိတ်စစ်ကြောင်းထဲ အတည့်ဝင်လာတိုက်တယ်။ မိန်းကလေး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဆိုင်ကယ်လဲကျပြီး အဖမ်းခံရတယ်။ မိန်းကလေး ၂ ဦးကိုတော့ ချက်ချင်း ပြန်လွှတ်ပေးတယ်။ လူငယ်တစ်ဦးနဲ့ ဦးလေးကြီးတစ်ဦး အဖမ်းခံရတယ်။အမည်တွေတော့ စုံစမ်းနေဆဲပါပဲ” လို့ပြောပါတယ်။

ရဲနဲ့စစ်တပ်က ဆန္ဒပြ လူအုပ်ထဲကို ရာဘာကျည်နဲ့ရော ကျည်ဆန်အစစ်တွေနဲ့ပါပစ်ခတ်ခဲ့တာ ဖြစ်ပြီး  ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ 

“သေနတ်အချက် ၂၀ လောက် ပစ်ဖောက်တယ်။ ရာဘာကျည်လည်းပါတယ်။ ကျည်အစစ်လည်းပါတယ်။ ကျည်အစစ် ကျည်ဆန်အခွံတစ်ခုလည်း ရထားတယ်။ လူအုပ်ထဲကို ရာဘာကျည်နဲ့ အတည့်ပစ်တယ်။ ကျည်အစစ်တော့မမှန်ဘူး။ ရာဘာကျည်တော့ မှန်ကြတယ်တဲ့။ ဒဏ်ရာလည်းရကြတယ်သိရတယ်။ ရဲတွေလာပြီးမှ နောက်ထပ် စစ်ကားတွေ ရဲကားတွေ ရောက်လာပြီး သေနတ်နဲ့ ပစ်တာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာမှာမနေ့ညက ညသပိတ်  ဒီနေ့မနက် အရုဏ်ဦးသပိတ်နဲ့ မနက် ၁၁ နာရီလောက်မှာ မနက်သပိတ် လုပ်ခဲ့တာပါ။ 

အဖြိုခွဲခံရတဲ့ သပိတ်စစ်ကြောင်းက  ဆိုင်ကယ် အစီး ၅၀၀ ကျော် လူအင်အား ၁၀၀၀ကျော်ရှိပြီး ကျန်သပိတ် စစ်ကြောင်း ၃ ကြောင်းကလည်း လူအင်အား ၁၀၀၀ကျော် ရှိတာကြောင့် ယနေ့အင်အား ၅၀၀၀ကျော်လောက် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတယ် သိရပါတယ်။

မိတ္ထီလာမှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း သေနတ် အချက် ၂၀လောက်ပစ်ဖောက်ပြီး သပိတ်စစ်ကြောင်းကို လူစုခွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013