
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့နယ်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေ တဲ့အတွက် ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က မေ ၁၆ ရက်မှာ ပြောပါတယ်။
စစ်အာဏာရှင်တပ်က မေလ ဒုတိယအပတ်ထဲမှာ မိုးဗြဲအနီးတဝိုက်ကို အင်အား ၈၀၊ ၉၀ နဲ့ ကျော် နဲ့ စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက် ရှိနေတယ်လို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်က “တပ်စိပ် ၁ စိပ် ၂ စိပ်နဲ့ထိုးတာက ကြာပြီပေါ့။ တရက်ခြားရော၊ တခါတလေဆို ရက်တိုင်းပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်တုန်းကတော့ အလုံးအရင်းနဲ့ ထိုးလာတာ ပေါ့နော်။ အဲဒါကြောင့် တိုက်ပွဲပြင်းထန်တာပေါ့နော့။ ခုက မိုးဗြဲ-နန်းမယ်ခုံ- ဒီးမော့ဆို-ဆင်မတောင်တို့က သူတို့နေရာဟောင်းတွေကို သူတို့က ပြန်လိုချင်လို့ အသည်းအသန် တောက်လျှောက် စစ်ကြောင်းထိုးနေတာ။ နှစ်ဖက်စလုံး ကျဆုံးမှုရှိတယ်” လို့ ပြောပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ စစ်တပ်က မိုးဗြဲအနီးတဝိုက်ကို အခြေချပြီး ကင်းစောင့်တပ်တွေ ထားလို့ တော်လှန်ရေးအင်အားစုနဲ့ ထိတွေ့မှု တခါတရံရှိပေမယ့် အခု မေလထဲမှာတော့ တိုက်ပွဲ ပြင်းထန်တယ်လို့ ပြောပါတယ်။
ဖယ်ခုံ-ပင်လောင်းကနေတဆင့် မိုးဗြဲကို စစ်ကြောင်းထိုးပြီး ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူ တွေရှိတဲ့ နန်းမယ်ခုံမြို့နယ်ဘက်ကိုလည်း စစ်ကြောင်းဆက်ထိုးနိုင်ဖို့အတွက် အင်အားဖြည့်တင်း ပြီး စစ်ကြောင်းထိုးနေတာဖြစ်နိုင်တယ်လို့ သိရပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက “အဓိကတော့ နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတယ်လို့ပြောလို့ရတာပေါ့။ ဒီတလအတွင်းလောက်ကို စစ်ကောင်စီက ဖယ်ခုံ- ပင်လောင်းအစပ်ကနေ မိုးဗြဲမြို့နယ်အထိ၊ လွိုင်ကော် မြို့နယ် တောက်လျှောက် ပြီးတော့ ဒီးမော့ဆို - ဖရူဆို- ဘောလခဲ- ဖားဆောင်းအထိ ထိုးစစ်တွေ ဆင်လာတာပေါ့နော်၊ စစ်ရေးအရဖိအားပေးမှုလို့ သတ်မှတ်လို့ရပါတယ်။ အခြားတဘက်မှာလည်း ဆွေးနွေးပွဲခေါ်ဖို့အတွက်ကလည်း သူတို့လုပ်နေကျအတိုင်း စစ်ရေးအရ ဖိအားပေးပြီးတော့မှ ဆွေးနွေးပွဲ စကားဝိုင်းပေါ်တက်လာအောင် ဖိအားပေးတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ပြောပါတယ်။
မိုးဗြဲမြို့နယ်ကို ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း (၂၀၂၃ ခုနှစ် ၁၁ လပိုင်း ၁၁ ရက်) တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၅ နှစ်ဝက်လောက်မှာ လက်လွှတ် လိုက်ရ ပြီးတဲ့နောက် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
ခုလက်ရှိမှာ စစ်တပ်က မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းမြို့နယ်တို့မှာ စစ်ကြောင်းထိုးတာ တွေ ရှိနေပြီး မကြာခဏဆိုသလို တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွား နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။










