DVB Logo
Home
မြန်မာသတင်း
ကျပ်သန်းပေါင်း ၂ သောင်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 22, 2013
ကျပ်သန်းပေါင်း ၂ သောင်း နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ခရိုင်ထဲမှာ ကျပ်သန်းပေါင်း ၂ သောင်းနီးပါးတန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ ထိုင်းငွေအတု ဘတ် ၁ သန်းဖိုး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။

တာချီလိတ်ခရိုင် မူးယစ်ရဲအရာရှိတို့ရဲ့ ပြောကြားချက်အရ အောက်တိုဘာ ၂၂ ရက်နေ့က မယ်ဆိုင်ချောင်းအနီးမှာ အရပ်ဝတ်ရဲတွေက မသင်္ကာဖွယ် ဟွန်ဒါဆိုင်ကယ် ၁ စီး အထုတ်တွေကို ခေါက်သွားခေါက်ပြန် သယ်နေတာ တွေ့ကြောင်း၊ အဲဒီဆိုင်ကယ်ဟာ  အထုတ်တွေကို ဆန်ဆိုင်းရပ်ကွက်ကနေ  ထိုင်းဘက်ကူးမယ့် မယ်ဆိုင်ချောင်းစပ် ကူးတို့ဆိပ်ထိ သယ်လာပြီး ၄ ကြိမ်မြောက်မှာ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာကနေ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အိတ် ၁ လုံးစီမှာ  အလေးချိန် ၃၅ ကီလိုဂရမ်လေးတဲ့ ဘိန်းဖြူ အတောင့် ၁၀၀ စီပါပြီး၊ အိတ် ၄ လုံးမှာ အထောင့် ၄၀၀ နဲ့ အလေးချိန် စုစုပေါင်း ၁၃၃ ဒဿမ ၃၃ ကီလိုဂရမ် ရှိကြောင်း၊ ကာလတန်ဖိုး ကျပ်ငွေ သန်းပေါင်း ၁ သောင်း ၉ သိန်း (ထိုင်းဘတ် သန်းပေါင်း ၆၆၀ ) ရှိကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုင်ကယ်မောင်းသူ (မြန်မာနိုင်ငံသား) ကို  စစ်ဆေးအရေးယူဖို့ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

အဲဒီတနေ့တည်းမှာ မြန်မာမူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ် မဲခေါင်မြစ်ကမ်းမှာ  နယ်မြေစစ်ဆေးရင်း   အလေးချိန်  ၈၇ ဒဿမ ၅ ကီလိုလေးတဲ့ ဘိန်းဖြူအ တောင့် ၂၅၀ ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း  မြန်မာမူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ  တာချီလိတ်ကနေ မိုင်းဆတ်ကို ဦးတည်မောင်းနှင်နေတဲ့ ယာဉ်အမှတ် ၄ ( ခ ) ၄၂၈၀၀ တိုယိုတာ တိုက်ဂါး ကားပေါ်ကနေ  ထိုင်းဘတ်ငွေ ၆ သိန်း  ၄ သောင်း တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေး  ၄၀ ကီလို ဂရမ်ကို ဖမ်းဆီးရမိကြောင်း၊ ယာဉ်မောင်းလာသူ တရုတ်အမျိုးသား လီကွန်ယန်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း အိမ်အမှတ် ၂၁၉ ပါလိုင်းရပ်ကွက်နေ ကိုကြာဆန်း ရဲ့ နေအိမ်မှာ ထိုင်းဘတ်ငွေ အတု ဘတ် ၁ သန်း နဲ့ အိုက်စ်ဆေး ၄ ကီလိုဂရမ်ကို ဖမ်းမိခဲ့တယ်လို့လည်း တာချီလိတ် ရဲအရာရှိက ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါးတွေ ဆက်တိုက် ဖမ်းဆီးရမိတဲ့အချိန်ဟာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ် ၄ နိုင်ငံက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ဝင်တွေ တာချီလိတ်မြို့မှာ လာရောက်တွေ့ဆုံဆွေးနွေးနေတဲ့ အချိန်လည်း ဖြစ်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013