DVB Logo
Home
မြန်မာသတင်း
ဗုံးကွဲမှုများကြောင့် နမ့်ခမ်း ရိုးရာပွဲတော် မကျင်းပရန် ဆုံးဖြတ်
DVB
·
October 22, 2013
ဗုံးကွဲမှုများကြောင့် နမ့်ခမ်း ရိုးရာပွဲတော် မကျင်းပရန် ဆုံးဖြတ်
Donate to DVB

အခုတပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးစိုးရိမ်ပြီး ရှမ်းပြည် နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ နှစ်စဉ်စည်စည်ကားကား ကျင်းပမြဲဖြစ်တဲ့ ရိုးရာပွဲတော်ကို ဒီနှစ်မှာ မကျင်းပဖို့ အာဏာပိုင်တွေနဲ့ မြို့မိမြိုဖတွေက ဆုံးဖြတ်လိုက်ပါတယ်။

နမ့်ခမ်းဒေသရဲ့ အထင်ကရ ဘာသာရေးပွဲတော်တခုဖြစ်တဲ့ ပွဲဆောဝ်းဆာမ် ရိုးရာပဒေသာပင် ပူဇော်ပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၇ ရက်ကစပြီး ၃ ရက်တိုင်တိုင် ကျင်းပလေ့ရှိတာပါ။
အခုနှစ်မှာတော့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူထုကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတဲ့အတွက် ကျင်းပတော့မှာ မဟုတ်ဘူးလို့ ပွဲကော်မတီဝင်တဦးဖြစ်သူ ဦးစိုင်းက ပြောပါတယ်။

“မြို့လယ်ခေါင်မှာ မိုင်းလာကွဲတဲ့အတွက် ပွဲလုပ်ရင် လုံခြုံရေးအရ လုပ်မပေးနိုင်တဲ့အတွက် ပွဲဖြစ်မြောက်ရေးကို ရပ်နားခဲ့တယ်။ နမ့်ခမ်းမြို့မိမြို့ဖဆိုတာလည်း အာဏာပိုင်လည်း ပါပါတယ်။ ၁၈ ရက်နေ့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်လိုက်တာပါ။”

အရင်နှစ်တွေကဆိုရင် ခုလို ပွဲတော်ရက်တွေမှာ နမ့်ခမ်းမြို့ပေါ်နဲ့ အနီးနားပတ်ဝန်းကျင် ကျေးရွာပေါင်း ၁၀၀ ကျော်က ရပ်ကွက်အလိုက်နဲ့ ရွာအလိုက် အလှူပဒေသာပင်တွေ စီတန်း လှည့်လည်ပြီး ဘုန်းကြီးကျောင်းပေါင်း ၁၅၀ ကျော် မှာ စုပေါင်း ပူဇော် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။

လုံခြုံရေးအရ ပွဲတော် မကျင်းပဖြစ်တဲ့အပြင် ဒေသခံတွေဟာ ၁ ရပ်ကွက်ကို ၂ ယောက် ၃ ယောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ညစဉ် အလှည့်ကျ ကင်းစောင့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ထဲမှာ ဒီလအတွင်း အောက်တိုဘာ ၁၆ နဲ့ ၁၇ ရက်က မြို့လယ်ခေါင် ဘုရားကြီးကျောင်း တိုက်အနီးမှာ ၃ ကြိမ်၊ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီကျော်က ၁ ကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဗုံးပေါက်မှုကတော့ နမ့်ခမ်းမြို့ပြင် မိုင်းဝီးသွားကားလမ်းဘေးက လွိုင်လင်ကန်ဘက်မှာ ဖြစ်ပြီး ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရသူမရှိပေမယ့် ပြီးခဲ့တဲ့အပတ်က မြို့လယ်ခေါင် ဗုံးပေါက်ကွဲမှုမှာ စည်ပင်ဝန်ထမ်းတဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားသူ စည်ပင်ဝန်ထမ်းအတွက် သူတို့ရုံးက အကူငွေ ကျပ် ၆ သိန်းနဲ့ စေတနာရှင်ပြည်သူတို့ အကူငွေ စုစုပေါင်း ၁၃ သိန်းနဲ့ ၆ သောင်းကို ကွယ်လွန်သူရဲ့ ဇနီးသည်ထံ မနေ့က ပေးအပ်ခဲ့ပြီး ကျန်တဲ့ဒဏ်ရာရသူတွေတော့ ဘယ်ကမှ အကူငွေမရသေးဘူးလို့ မြို့ခံ ဦးစိုင်းက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ နမ့်ခမ်းမြို့မှာ ဈေးအရောင်းအ၀ယ်တွေ ပါးနေပြီး ည ၇ နာရီကျော်ရင် အပြင်ထွက်သူ မရှိသလောက်ဘဲလို့ နမ့်ခမ်းဒေသခံတဦးက ပြောပါတယ်။

နမ့်ခမ်းမြို့နယ် ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ မနေ့က ဗုံးပေါက်တဲ့ကိစ္စ မသိရကြောင်း၊ လောလောဆယ် နယ်မြေတည်ငြိမ် အေးဆေးမှုရှိကြောင်း ၀န်ထမ်းတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013