DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့် အစိုးရ မနက်ဖြန် ဆက်လက်ဆွေးနွေးမည်
DVB
·
October 22, 2013
Donate to DVB

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တတိယအကြိမ် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပနေပါတယ်။

လွိုင်ကော်မြို့ ပြည်နယ်အစည်းအဝေးခန်းမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး၊ ရွာပုန်းရွာရှောင် ဒုက္ခသည် (အိုင်ဒီပီ) ကိစ္စ၊ တပ်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးရေး စတာတွေအပါအ၀င် အချက် ၇ ချက်ကို ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးချက်တချို့နဲ့ပတ်သက်ပြီး ကေအန်ပီပီအတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က အခုလို ရှင်းပြပါတယ်။
“အပစ်ခတ်သဘောတူညီချက်မှာပါတဲ့ ဒေသဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ နားလည်မှုတွေ နည်းနည်းလွဲမှားခဲ့တာ ရှိတယ်။ အမှန်တော့ ဇွန်လ ၉ ရက်နေ့ သဘောတူညီချက်မှာ ဒေသဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဆိုပြီး ဖွဲ့စည်းဖို့ သဘောတူ ထားတယ်။ တကယ်တမ်း ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် ဆွေးနွေးပွဲမှာက ဖွဲ့လိုက်နိုင်တာက နှစ်ဖက် ပူးပေါင်းစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ။ ဒီနှစ်ခုက အဓိပ္ပာယ်နဲ့ လုပ်ထုံးလုပ်နည်းတွေ အများကြီးကွာတဲ့ အပေါ်မှာ ဒေသဆိုင်ရာ ကြီးကြပ်မှု အဖွဲ့တွေကိုလည်း အသိအမှတ်ပြုလက်တွဲ ခေါ်သွားပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ဖြစ်စဉ်မှာ ပါဖို့ဆိုတဲ့ ကိစ္စကို ဆွေးနွေးဖြစ်ပါတယ်။”

“နောက်တခုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်ပြည်နယ်ထဲက လူငယ်တွေကြားမှာ စိုးရိမ်ရတဲ့ အခြေအနေတွေ တွေ့လာတယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ နှစ်ကြိမ်လုံးမှာ သဘောတူညီချက် ရှိပြီးသားဖြစ်ပေမယ့်လည်း နှစ်ဖက်ထိတွေ့ အကောင်အထည်ဖော်မှု အားနည်နေတဲ့အပေါ်မှာ ဒါကို ထိထိရောက်ရောက် ပူးပေါင်း ဖြေရှင်းရမလဲဆိုတာကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ နောက်တခုကတော့ ရွာပုန်းရွာရှောင် ဒုက္ခသည် အပိုင်းပေါ့။ ဌာနေတိုင်းရင်းသား အိမ်ထောင်စုအနည်းငယ်ကို ပထမ စမ်းသပ် စီမံကိန်းအနေနဲ့ နေရာချထားပြီးတော့ အစုအဖွဲ့လေးတခုဖြစ်အောင် အကောင်အထည် ဖော်ကြည့်ဦးမယ်။ လမ်းပန်းဆက်သွယ်ရေး ရေ၊ မီး အိမ်ရာ တည်ဆောက်ပေးတဲ့ စနစ်တွေ၊ ကျောင်း၊ ဆေးပေးခန်းစတဲ့ စနစ်တွေနဲ့ စမ်းသပ် စီမံကိန်းလေးတခုကို စတင်အကောင်အထည်ဖော်ဖို့ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ဖို့ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ နောက်တချက်အနေနဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင် မိသားစုတွေ ရပ်တည်ဖို့အတွက် နိုင်ငံတော်ဘက်က ဘယ်လို ပံ့ပိုးပေးဆောင်ရွက်နိုင်မယ်ဆိုတဲ့အပိုင်းတွေ ဆွေးနွေးဖြစ်ပါတယ်။”

ဒါ့အပြင် ကေအန်ပီပီဘက်က အလုပ်အဖွဲ့ ဖွဲ့စည်းပြီးကြောင်း တရားဝင်အသိပေးပြီး အစိုးရနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ ဆွေးနွေးမှု မပြီးပြတ်သေးတဲ့အတွက် မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး မနက်ဖြန်မှာတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးမယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။
တပြည်လုံးအတိုင်းအတာဆောင်တဲ့အပစ်ခတ်ရပ်စဲရေးနဲပတ်သက်ပြီး ကေအန်ပီပီ သဘောထားကို မေးမြန်းရာမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အပါအ၀င် တိုင်းရင်းသား တွေပါဝင်တဲ့ ညီလာခံတရပ် ကျင်းပြီးစီးမှ ဆုံးဖြတ်နိုင်မှာဖြစ်သလို ဆက်လက်ဆွေးနွေးမှုလုပ်ပြီး ရတဲ့ရလဒ်ပေါ်မှာ မူတည်ပြီး တိကျတဲ့အဖြေတခု ပေးနိုင်မယ်လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ နှစ်ဖက် ပူးပေါင်းစောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ကော်မတီဝင် ၁၀ ဦးရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

အစိုးရနဲ့ ကေအန်ပီပီအကြား ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲဖြစ်နေရာက ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ပြည်နယ်အဆင့် တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပြီး ဇွန် ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲမှာ ကေအန်ပီပီဘက်က တင်ပြထားတဲ့ အချက် ၂၀ ထဲက ၁၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013