
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာမှာ လမ်းမပေါ်ဆိုင်ကယ်စီးသွားတဲ့ ပြည်သူ နှစ်ယောက်ကို စစ်တပ်က ပစ်ခတ်တာကြောင့် အသက်၂၉ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပါတယ်။
မတ်လ ၁၇ ရက် ည ၁၁ နာရီလောက်မှဦ ရွှေပြည် ကျေးရွာမှာ ကျေးရွာသား ၂ ယောက် ဆိုင်ကယ်စီးလာပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း အော်ဟစ်ကြွေးကြော်သွားရာက ရွှေပြည်ကျေးရွာ စာသင်ကျောင်းရှေ့ အရောက် စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျည်ထိမှန် ဒဏ်ရာနဲ့ အသက် ၂၉ နှစ်အရွယ် ကိုရဲဝင်းအောင် သေဆုံးခဲ့ရကာ ကျန်အမျိုးသားတစ်ဦးရဲ့ လက်မောင်းလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၁ ၅ ရက်နေ့က သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ် ထိစပ်ရာနေရာတွေက ကျေးရွာတွေမှာ စစ်တပ်ရဲ့ ပစ်ခတ်ခဲ့တာကြောင့် ၄ ဦးသေဆုံးခဲ့ရတာ ဖြစ်ပြီး ဒီနေကာက် နောက်ဆက်တွဲအနေနဲ့ အဆိုပါ မြို့နယ်တွေရဲ့ နေရာတချို့မှာ စစ်တပ်က တပ်စွဲ နေကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို မတ်လ ၁၈ ရက် ညနေပိုင်းက စပြီး ည ၈ နာရီကနေ မနက်၄ နာရီအထိ ညမထွက် အမိန့်ထုတ်လိုက်ပါတယ်။ အဲ့ဒီအတွက် သပိတ်ကျင်းမြို့နယ်အတွင်းက ဇရပ်ကွင်းကျေးရွာမှာလည်း မနေ့ညက ခရီးသွားကားတွေ ရပ်တန့်နေခဲ့ရပါတယ်။
စဥ့်ကူးမြို့နယ် အတွင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေကို စစ်တပ်က လိုက်လံရှာဖွေပြီး ဖမ်းဆီးဖို့ လုပ်ဆောင်နေတာကြောင့် တိမ်းရှောင်နေကြရပါတယ်။