DVB Logo
Home
မြန်မာသတင်း
သူရိယအလင်းဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်း
DVB
·
October 21, 2013
သူရိယအလင်းဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်း
Donate to DVB

သူရိယအလင်းဂျာနယ်ကို ဆက်လက် ထုတ်ဝေခြင်းမပြုတော့ဘဲ အပြီးအပြတ်ရပ်စဲလိုက်ပြီ လို့ ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်က ပြောပါတယ်။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ဆောင်းပါးတွေကို မဖော်ပြဖို့  သူရိယအလင်းဂျာနယ်ရဲ့ အယ်ဒီတာအဖွဲ့ကရော ထုတ်ဝေသူတဦးအနေနဲ့ပါ အမှုဆောင်အရာရှိချုပ်ဦးမိုးဟိန်းကို  အတန်တန်တားမြစ်တဲ့အကြားက မိမိသဘောနဲ့ မိမိ ဆက်လက်ဆောင်ရွက်နေတာကြောင့် ဆက်မထုတ်တော့ဖို့ ဆုံးဖြတ်လိုက်တာလို့ ထုတ်ဝေသူ ဦးယုနိုင်ကပြောပါတယ်။

“ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ရေးတာ၊ ပုဂ္ဂိုလ်ရေး နစ်နာမှုရှိအောင် ရေးတာတွေ မရေးဖို့၊ ဆောင်းပါးတွေ မရေးသားဖို့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ အမှုဆောင်အရာရှိချုပ်ကို အယ်ဒီတာတွေရော၊ အယ်ဒီတာချုပ်ရော၊ ကျနော်ရော။ အယ်ဒီတာချုပ်တွေကိုလည်း ကျနော် လှမ်းပြောတယ်။ ဒါမျိုးမရေးဖို့။ နောက်ဆုံး ဘယ်လိုမှ တားမရဘဲ ဘယ်အဖွဲ့ကိုမှ မဖြတ်ဘဲ သူ့သဘောနဲ့သူ ရေးတော့ ဒါကို ရပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာပေါ့၊ ထုတ်ဝေသူတယောက်အနေနဲ့။”

ဦးယုနိုင်ရဲ့ ဂျာနယ်ဆက်မထုတ်ဖို့ တရားဝင်လုပ်ဆောင်ချက်ဟာ ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းက ဂျာနယ်တိုက်ကို အောက်တိုဘာ ၁၈ ရက်နေ့ ညသန်းခေါင်ကျော်မှာ လူ ၁၅ ယောက်က ၀င်စီးပြီး ကွန်ပျူတာတွေ ဖြုတ်ယူသွားတယ်။ ဂျာနယ်တွေ သိမ်းယူသွားတယ်။ စီစီတီဗွီကင်မရာကို ပိတ်သွားတယ် လို့ ရှင်းလင်းပြောဆိုအပြီးမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဦးမိုးဟိန်းအဆိုအရ အဲဒီကားတွေမှာ စီးပွားကူးသန်းဝန်ကြီးရဲ့သား ဦးသူရိန်နဲ့ ဖိုးလပြည့်တို့လည်း ပါလာတယ်လို့ ရှင်းလင်းခဲ့ပါတယ်။

“လူမိုက် ၁၅ ယောက်လောက်ဝင်လာတယ်။ ဘယ်သူပါလာလဲဆိုတော့ ပြဿနာက လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ဦးသူရိန်ပါလာတယ်။ ဖိုးလပြည့်နဲ့အတူ။ ဖိုးလပြည့်က အထဲကို မ၀င်ဘူး ကားပေါ်မှာပဲ နေတယ်၊ အပြင်မှာပဲ နေတယ်။ ဦးသူရိန်နဲ့ အပေါင်းအပါ ၁၅ ယောက်လောက်ဝင်လာပြီး ကျနော်တို့ ကင်မရာတွေ အကုန်လုံးကိုသိမ်းတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ဦးယုနိုင်ကို မေးကြည့်တဲ့အခါ သူ့မွေးနေ့ပွဲကအပြန် ဦးဝင်းမြင့်သား ဦးသူရိန်ပါလာပေမယ့် သိမ်းဆည်းမှုနဲ့ မသက်ဆိုင်ကြောင်း၊ ဖိုးလပြည့် မပါလာကြောင်း ရှင်းပါတယ်။
ဘာကြောင့် အချိန်မတော် ဂျာနယ်တိုက်ကို ၀င်ရောက်သလဲဆိုတာနဲ့ ပတ်သက်လို့ ထုတ်ဝေသူ ဦးယုနိုင်က ခုလို ရှင်းပါတယ်။

“ကျနော်တို့က စနေမနက်ကို ဖြန့်ရမှာဖြစ်ပါတယ်။ ကျနော့်ဧည့်ခံပွဲ ၁၀ နာရီခွဲလောက် ပြီးတဲ့အချိန်မှာ မနက်ဖြန်ဖြန့်မယ့် အချိန်မှာ ကျနော်က ထုတ်ဝေသူအနေနဲ့ တိုက်ကိုသွားပြီး ဂျာနယ်ကို သိမ်းဆည်းမယ်၊ အဲလိုပုံစံနဲ့ ကျနော်က သွားပါတယ်။ မနက်ဖြန်မဖြန့်တော့ဘူး၊ ဒီဟာကို အတန်တန် အကုန်ရပ်ဖို့တွေ လုပ်ကိုင်နေတဲ့အတွက် နောက်ထပ်လည်း ထပ်ထုတ်နေမှာစိုးလို့ ကွန်ပျူတာ ၁၄ လုံးကို သိမ်းလိုက်တာပါ။ စီစီတီဗွီကင်မရာ ဖြုတ်တယ်ဆိုတာ မဟုတ်ပါဘူး။”

သူအနေနဲ့တော့ သူရိယအလင်းဂျာနယ်ကို ဆက်လက်လုပ်ဆောင်လိုစိတ် မရှိတော့သလို တရားတဘောင် စွဲသွားဖို့ အစီအစဉ်လည်း မရှိဘူးလို့ သူက ပြောပါတယ်။

ဒီကနေ့ထုတ်ဝေတဲ့ ကြေးမုံသတင်းစာထဲမှာ သူရိယအလင်းဂျာနယ်က အတွဲ ၁ ကနေ ၁၂ အထိ ပါဝင်ခဲ့တဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး  ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့က အမှုဆောင်အရာရှိချုပ်ကို ပုဂ္ဂိုလ်ရေးနစ်နာမှုရှိစေတဲ့စာမူတွေ မရေးသားရန် အတန်တန် တားတဲ့အကြားက ဖော်ပြခဲ့တဲ့ဆောင်းပါးတွေနဲ့ ပတ်သက်လို့ နစ်နာသူတွေကို တောင်းပန်ကြောင်းနဲ့ ဂျာနယ်ကို အပြီးအပိုင်ရပ်ဆိုင်းကြောင်းလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013