DVB Logo
Home
မြန်မာသတင်း
R2P တပ်လှန့်သတိပေးချက် ကုလသမဂ္ဂထုတ်ပြန်၊ မြန်မာကို အဓိက ဦးစားပေး နိုင်ငံအဖြစ် သတ်မှတ်
DVB
·
March 19, 2021
R2P တပ်လှန့်သတိပေးချက် ကုလသမဂ္ဂထုတ်ပြန်၊ မြန်မာကို အဓိက ဦးစားပေး နိုင်ငံအဖြစ် သတ်မှတ်
1 / 2
Donate to DVB

မြန်မာ၊ တောင်ဆူဒန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့မှာ လူတွေအစုလိုက် အပြုံလိုက် အပေါ် အလွန့်အလွန် ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေလို့ R2P တပ်လှန့်သတိပေးမှု အမှတ် ၂၄၄ ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အကာအကွယ်ပေးရန်တာဝန်ရှိတဲ့ နေရာမှာ အဓိက ဦးစားပေး နိုင်ငံအဖြစ် မြန်မာကို သတ်မှတ်ထားတာပါ။ လုံခြုံရေးတပ်တွေက လူသေတဲ့အထိ အကြမ်းဖက်နေတာကို ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ကာကွယ်ဖို့ တာဝန် R2Pကို ထမ်းဆောင်ပေးဖို့  မြန်မာနိုင်ငံတဝန်း လူထုဆန္ဒပြပွဲတွေမှာ ပြည်သူတွေက နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ဆက်တိုက် တောင်းဆိုနေတယ်လို့လည်း(OHCHR)က ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယား နိုင်ငံဟောင်းတို့မှာ ကျူးလွန်တဲ့ ရက်စက်မှုတွေကို လုံလုံလောက်လောက် တုံ့ပြန်ဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကပျက်ကွက်ခဲ့ တာကို တုံ့ပြန်ဖို့  R2P အတွေးအခေါ် ပေါ်လာတာလို့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့ကြီး Global Centre for the Responsibility to Protect အဖွဲ့ရဲ့ မန်နေဂျာ နာဒီရာကုတ်ထ်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ မြန်မာ့အိမ်နီးချင်းတွေနဲ့ ကမ္ဘာတဝန်းက အစိုးရတွေက မြန်မာပြည်သူတွေရဲ့ မေတ္တာရပ်ခံချက်ကို အလေးဂရုပြုဖို့နဲ့ အနာဂတ်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာမယ့် ခြိမ်းခြောက်မှု တွေကို ရင်ဆိုင်ဖို့ မဖြစ်မနေ အရေးကြီးတယ်၊ ဆုံးဖြတ်ချက် ပြတ်သားတဲ့ ညီညွတ်တဲ့ သံတမန်ရေး အရေးယူမှု သာလျင် မြန်မာ နိုင်ငံထဲက နောက်ထပ် အသက်ဆုံးရှုံးမှုကို ဟန့်တားနိုင်မယ် လို့လည်း သူက ပြောပါတယ်။

မြန်မာစစ်တပ်က လူတွေကို အစုလိုက် အပြုံလိုက် သတ်နေတာဟာ လူသားထု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့လည်းကြေညာချက်က ဆိုပါတယ်။

မတ်လ ၁၄ ရက်က တရက်တည်းမှာ လူအယောက် ၅၀ ကျော် အသတ်ခံရတဲ့ အတွက် အရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းအပြီး သွေးအစွန်းဆုံးနေ့ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

လုံခြုံရေး တပ်တွေက လူအုပ်ကို ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်နေတာ၊ အရပ်သား ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးနေတာနဲ့ ဆေးဘက် စေတနာ့ဝန်ထမ်းတွေကို တိုက်ခိုက်နေတာတွေကို ရုပ်သံထဲမှာ ရိုက်ကူးမိထားတယ်လို့ (OHCHR)က ဆိုပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေး မြို့တွေက မြို့နယ်တွေ အတော်များများမှာ စစ်အုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါကြောင့် အရပ်သား ဆန္ဒပြသူတွေဟာ စစ်ခုံရုံးမှာ အယူခံဝင်ခွင့် မရှိဘဲ စစ်ဆေး စီရင်ချက်ချခံရမှာပါ။

တက်ကြွလှုပ်ရှားသူတွေ အချင်းချင်းရော အပြင်ကမ္ဘာနဲ့ပါ ဆက်သွယ်လို့ မရအောင် စစ်တပ်က အင်တာနက်ကိုလည်း ပိတ်ပစ်ခဲ့ ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ခုထိ လုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၄၉ ယောက်ထက် မနည်း ရှိနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲက  စိတ်ချရတဲ့ အစီရင်ခံစာတွေအရ သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်နိုင်တယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းခံထားရစဉ် သေဆုံးသူ ၅ ယောက်ထက် မနည်းရှိပြီး ၂ ယောက်မှာ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ ရှိတယ်လို့လဲ (OHCHR)က အတည်ပြုပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013