DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများ ရပ်ရန် တောင်းဆို
DVB
·
October 21, 2013
ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများ ရပ်ရန် တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေ ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မဖော်ဆောင်နိုင်သေးသရွေ့   ရခိုင်ပြည်နယ်အတွင်းမှာ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စီမံကိန်းတွေရပ်ဆိုင်းဖို့ ရခိုင်လူထုအခြေပြု အဖွဲ့အစည်းတွေက  တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၇ မြို့နယ်က  အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့နဲ့ နိုင်ငံရေး ပါတီကိုယ်စားလှယ် ၅၀ ကျော်ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ၃ ရက်တာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးနောက် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဒီနေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ  ရခိုင်ပြည်နယ်က သယံဇာတတွေကို ရခိုင်ဒေသခံ ပြည်သူတွေ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရရေးအတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခိုင်အမာ ထည့်သွင်းဖော်ပြဖို့ အပါအ၀င်  စုစုပေါင်း  ၉ ချက် တောင်းဆိုထားပါတယ်။

တောင်းဆိုချက်တွေထဲမှာ ရွှေသဘာဝဓာတ်ငွေ့နဲ့ ၂၄ နာရီ လျှပ်စစ်မီးရရေး၊ မီတာခကို ပြည်မနဲ့ တပြေးညီသတ်မှတ်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖော်ဆောင်သေးသရွေ့ ရခိုင်ပြည်မှာ လုပ်ဆောင်ဖို့ လျာထားတဲ့ ရေအားလျှပ်စစ်နဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို လုံးဝဆိုင်းငံ့ရေး  စတာတွေ ပါဝင်ပါတယ်။

တောင်းဆိုချက်နဲ့ပတ်သက်ပြီး ပြည်သူ့သယံဇာတအဖွဲ့က ဒါရိုက်တာ ဦးမျိုးထွန်းက “ရခိုင်ပြည်နယ်က သယံဇာတပြည့်ဝတဲ့ပြည်နယ်တွေထဲမှာ ဒုတိယအဆင့် ရှိတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် ကျောက်ဖြူဂက်စ်နဲ့ရေနံပိုက်လိုင်း၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်း အဲဒီ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူတွေဟာ အကျိုးခံစားခွင့် ဘာတခုမှ မရှိဘူးဖြစ်နေတယ်။ နောက် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်တိုင်က ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးဖြစ်နေတယ်။ ဗဟိုချုပ်ကိုင်မှုများနေတဲ့အတွက် ကျနော်တို့ ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အသိမ်းခံထားရတဲ့မြေတွေ ပြန်ရရေး၊ သယံဇာတ၊ စီမံကိန်းအရေး လှုပ်ရှားမှုကြောင့် အဖမ်းခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ ရခိုင်ဒေသယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့ကုလသမဂ္ဂစံနှုန်းနဲ့အညီ ထိနိးသိမ်းဖော်ထုတ်ကာကွယ်ဖို့နဲ့ လွန်ခဲ့တဲ့နှစ်ကစပြီး ရခိုင်ပြည်လုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ လူမှုအဖွဲ့အစည်းတို့ရဲ့ တောင်းဆိုချက်၊ အကြံပြုချက်၊ ကန့်ကွက်ချက် စတာတွေကို အမြန်ဆုံးအကောင်အထည် ဖော်ပေးရေးတွေ ပါဝင်ပါတယ်။

ဒီတောင်းဆိုချက်တွေကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ကြိုဆိုပေမယ့်  လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ရပ်တန့်ဖို့ကတော့ စာချုပ်ကတိက၀တ်တွေ လုပ်ထားတဲ့အတွက် အစိုးရက လိုက်လျောနိုင်ဖို့ ခဲယဉ်းတယ်လို့ ပြောပါတယ်။

ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရခိုင်ပြည်က သယံဇာတတွေဟာ ရခိုင်ပြည်သူတွေအတွက် အကျိုးခံစားခွင့် ရရှိရုံတင်မကဘဲ အခြား ဆင်းရဲတဲ့ ပြည်နယ်တွေလည်း မျှဝေခံစားသင့်တယ်လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013