
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက တိုက်ခိုက်ရေး ရဲတပ်ရင်း စခန်းသုံးခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဒီနေ့မနက်အစောပိုင်း ၁ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်တခုလုံး သေနတ်သံတွေ ဆူညံနေခဲ့ပြီး မိုးလင်းခါနီးမှ သေနတ်သံတွေ တိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗော်လကယ်ရဲစခန်းကို ဝင်တိုက်ရာ အပြန်အလှန် ပစ်ခတ်သံတွေ ကြားခဲ့ရတာလို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ရဲတပ်ရင်းစခန်းတွေကတော့ နမ့်မှော်ကျေးရွာနားက တပ်စခန်း၊ မော်လကင်ရွာနားက ရဲတပ်ရင်းစခန်း၊ မိုးကာရွာနားက စိန်လုံ ရဲတပ်ရင်းစခန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
တပ်စခန်းသုံးခု တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုတွေကို မသိရှိရပေမဲ့ မော်လကင် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မော်လင်ရွာသား ရခိုင်အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လက်မှာ လက်နက်ကျည်ကျည်စ ထိမှန်တာဖြစ်ပြီး စိုးရိမ်စရာမရှိဘဲ ဖားကန့်မြို့ပေါ်မှာ ဆေးကုသမှု ခံယူနေပါတယ်။
အဲ့ဒီစခန်းတွေကို တိုက်ခိုက်နေတဲ့ မနက်အစောပိုင်း ၁ နာရီကျော်အချိန်မှာပဲ ဆိပ်မူကျေးရွာက ဧရာဝတီဘဏ်အနီးမှာ ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ မတ်လဒုတိယပတ်က စပြီး တပ်မတော်နဲ့ KIA တပ်ဖွဲ့ကြား စစ်ရေးတင်းမာလာခဲ့ပြီး KIA ဘက်က တပ်မတော်စခန်းနဲ့တိုက်ခိုက်ရေး ရဲတပ်ရင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ စခန်းလေးခု ရှိသွားပြီလို့ သိရပါတယ်။
မတ်လ ၁၈ ရက်နေ့လယ် ၁ နာရီချိန်မှာလည်း ဆိပ်မူကျေးရွာမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးမှာ ဗုံး ၁ လုံးထပ်မံပေါက်ကွဲခဲ့ပြီး လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။











