
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင် သိန္နီမြို့မှာ ကနေ့မနက်က စားသောက်ဆိုင်တစ်ခုနဲ့ တယ်လီဖုန်း ရောင်းတဲ့ဆိုင်တစ်ခုပါ မီးလောင်ကျွမ်းခဲ့ပါတယ်။
သိန္နီမြို့ ရပ်ကွက် ၁ မင်းလမ်းပေါ်ရှိ ဒေါ်အေးဖောင်စားသောက်ဆိုင်မှာ ကနေ့မနက် ၉ နာရီခွဲလောက်က မီးလောင်ကြောင်းကြားသိရတဲ့အတွက် သွားရောက်ကူညီငြိမ်းသတ်ရာမှာ မီးရှိန်ပြင်းပြီး ဆိုင်ချင်းကပ်လျက် ကိုထွန်းဦးဖုန်းဆိုင်ကိုပါ လောင်သွားတယ်လို့ သိန္နီအနှိုင်းမဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဖက ဒီဗွီဘီကို ပြောပါတယ်။
“ကနေ့မနက် ကျနော်တို့အဖွဲ့က နတ်နန်းဖွင့်ပွဲလုပ်နေတုန်း မီးလောင်တယ်ဆိုလို့ ချက်ချင်း သွားကူကြတယ်။ ဟိုရောက်တော့ ဒေါ်အေးဖောင်ထမင်းဆိုင်က အကုန်လောင်ပြီး ဘေးက ဖုန်းဆိုင်ကိုပါ ကူးနေပြီ။ အဆောက်အဦက ရှေးပုံစံပျဉ်ကာပျဉ်ခင်း နှစ်ထပ်အိမ်ဆိုတော့ မီးလောင်လွယ်တာပေါ့။ မီးရှိန်လည်းပြင်းတယ်၊ မီးသတ်ကား ၂ စီးတွေ့တယ်၊ ရဲရော စစ်တပ်ရော မြို့သူမြို့သားတွေရော အကုန်နိုင်သလောက်ဝိုင်းငြိမ်းကြတယ်။ မနက် ၁၀ နာရီကျော်လောက်မှာ မီးငြိမ်းသွားပါတယ်ခင်ဗျ။ ဆိုင်ဖွင့်ထားတဲ့ အိမ် ၂ လုံးတော့ပါသွားတယ်။ ဘေးအိမ်တွေ ထပ်မကူးအောင်ဘဲ ကူညီနိုင်ခဲ့တယ်။”
မီးလောင်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အချို့က ဂက်စ်အိုးပေါက်တယ်၊ အချို့က ဝါယာရှော့ဖြစ်တယ်လို့ အမျိုးမျိုးထင်ကြေးပေးနေကြောင်း၊ ဆိုင်ရှင်တွေမှာ ဆုံးရှုံးမှုကြား ဗျာများနေလို့ မေးမြန်းလို့ မရနိုင်သေးဘူးလို့ သိန္နီဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သိန္နီမြို့နယ် မီးသတ်ဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။











