DVB Logo
Home
Lead Story
စစ်အုပ်စုနှင့် စီးပွားရေးဆက်ဆံမှုရှိသည့် KBZ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကို Rotary လူမှုအကျိုးပြုဆု ချီးမြှင့်မည်
DVB
·
October 15, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ စီးပွားရေးဆက်ဆံမှုရှိကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားတဲ့ ကမ္ဘောဇဘဏ် (KBZ Bank) တည်ထောင်သူ ဦးအောင်ကိုဝင်း ကို Rotary International ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထူးချွန်ဆု ချီးမြှင့်ဖို့ စီစဉ်ထားကြောင်း ဆုပေးပွဲ ဖိတ်ကြားစာအရ သိရပါတယ်။

KBZ Foundation ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် Rotary Award for Excellence in Service to Humanity ဆုချီးမြှင့်ဖို ရွေးချယ်ထားပြီး ဆုပေးပွဲကို အောက်တိုဘာ ၁၅ ရက်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ Jasmine Taunggyi Hotel မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဖိတ်ကြားစာအရ ကမ္ဘာတဝန်းက လူ ၃၈ ဦးကို ရွေးချယ်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ဦးအောင်ကိုဝင်း တဦးတည်း ပါဝင်တယ်ဆိုပေမဲ့ အဲဒီအချက်ကို Rotary International ရဲ့ တရားဝင်ဆုရရှိသူစာရင်းနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဦးအောင်ကိုဝင်း ဟာ လူမှုကူညီရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူဖြစ်သလို မြန်မာစစ်တပ်နဲ့ ငွေကြေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကြောင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထောက်ပြမှုကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ တွေ့ရှိချက်အရ KBZ က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Human Rights Watch ကလည်း KBZ ဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ ကျောက်စိမ်း၊ ကျောက်မျက်လုပ်ငန်းတွေမှာ နှစ်ပေါင်း ၂၀ ကျော် ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့မှု ဖြတ်တောက်ဖို ဘဏ်အကောင့်တွေ ပိတ်သိမ်းရာမှာ KBZPay အကောင့်တွေလည်း ပါဝင်ခဲ့ပါတယ်။

Stimson Center ရဲ့ ၂၀၂၃ ခုနှစ် သုတေသနအရ KBZ Bank ဟာ စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်ဆီကနေ အကောင့်ပိတ်သိမ်းဖို့ တောင်းဆိုချက် တရက်ကို ၃၀၀ ခန့် လက်ခံရရှိခဲ့ပါတယ်။

ဦးအောင်ကိုဝင်း ဟာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့လည်း လူသိရှင်ကြား တွေ့ဆုံခဲ့သူ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ တောင်ကြီးမြို့ ရွှေဘုန်းပွင့်စေတီ ထီးတော်တင်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

တဖက်မှာလည်း ဦးအောင်ကိုဝင်း ဦးဆောင်တဲ့ KBZ Foundation ဟာ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မြန်မာငလျင်အပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

အခုလို လူမှုကူညီရေးလုပ်ငန်းတွေနဲ့အတူ စစ်တပ်ကို ငွေကြေးထောက်ပံ့ခဲ့တဲ့ မှတ်တမ်းတွေရှိနေသူ တယောက်ကို Rotary International ရဲ့ လူသားချင်းစာနာမှုဆိုင်ရာဆု ချီးမြှင့်ဖို့ ရွေးချယ်ထားတာနဲ့ပတ်သက်ပြီး ဆုရွေးချယ်ရေးအဖွဲ့က အဲဒီနောက်ခံအခြေအနေတွေကို ထည့်သွင်းစိစစ်ခဲ့ခြင်း ရှိ၊ မရှိ မသိရသေးပါဘူး။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013