DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေလုပ်သား ၂၀ ကို ထပ်မံတရားစွဲဆို
DVB
·
October 21, 2013
မိုးထိမိုးမိ ရွှေလုပ်သား ၂၀ ကို ထပ်မံတရားစွဲဆို
Donate to DVB

မန္တလေးတိုင်း ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေလုပ်သား အယောက် ၂၀  ကို အမျိုးသားအကျိုးစီးပွား ကုမ္ပဏီက အောက်တိုဘာ ၂၀ ရက်မှာ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

[caption id="attachment_26449" align="alignleft" width="300" caption="ပြီးခဲ့တဲ့ ဇွန်လဆန်းက မိုးထိမိုးမိ ရွှေတွင်း အလုပ်သမားများ ဆန္ဒပြနေစဉ်"][/caption]

ရပ်ဆိုင်းထားတဲ့ မိုးထိမိုးမိ အင်းအက်တာတွေရှိ ရွက်ဖျင်တဲတွေမှာ ရွှေတူးဖော်တဲ့ ပစ္စည်းစောင့်အဖြစ် ကျန်ခဲ့တဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေနဲ့ တဲဖျက်ဖို့လာတဲ့ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ၀န်ထမ်းတွေ အချင်းများရာကအစပြုပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာ ရွှေလုပ်သား ၅ ယောက် စတင် တရားစွဲဆိုခံခဲ့ရပြီး မနေ့က ရွှေလုပ်သား အယောက် ၂၀ ကို ထပ်မံတရားစွဲဆိုလိုက်တာပါ။

တရားစွဲဆိုခံထားရတဲ့ ရွှေလုပ်သား ဦးမျိုးတင့်က အောက်တိုဘာ ၅ ရက်နေ့မှာ အခင်းဖြစ်ပွားပုံကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဇုန် ၁၀ ကို လာတယ်။ သူတို့က ဘာမှ မပြောမဆိုဘဲနဲ့ ကျနော်တို့ကို သူခိုးဖမ်းသလို ဓားပြဖမ်းသလို တုတ်၊ ဓားလက်နက်တွေနဲ့ ၀ိုင်းလိုက်ပြီးတော့။ လိုက်လိုက် ဖမ်းဖမ်းပုံစံမျိုးပေါ့။ အဲဒီလို ပုံစံမျိုးတော့ မလုပ်ပါနဲ့။ ခင်ဗျားတို့ လူကြီးလူကောင်း ပီသတယ်ဆိုရင် စကားအေးဆေး ဆွေးနွေးလို့ ရပါတယ်။ အကြမ်းဖက်ပုံစံမျိုးနဲ့တော့ ကျနော်တို့က လက်သင့်မခံနိုင်ဘူး။ ကျနော်တို့လည်း အသက်နဲ့ပဲ။ တဖက်နဲ့ တဖက် ရိုက်နှက်ပုတ်ခက်လိုက်တာတော့ မရှိဘူး။"

ရမည်းသင်းမြို့နယ် တူးကုန်း ရဲစခန်း တာဝန်ရှိသူတဦးက ရွှေလုပ်သား ၂၀ အပေါ် ကုမ္ပဏီဘက်က တရားစွဲဆိုထားတဲ့ ပုဒ်မတွေကို အခုလိုပြောဆိုပါတယ်။

“ပုဒ်မကတော့ ၂၉၄၊ ၅၀၆၊ ၃၃၆၊ ၃၅၃။ ပုဒ်မ ၂၉၄ ဆိုတာက ဆဲဆိုမှု၊ ပုဒ်မ ၅၀၆ ဆိုတာက ကျိမ်းဝါးမှု၊ ပုဒ်မ ၃၃၆ က ခဲနဲ့ ပစ်တဲ့အမှု၊ ပုဒ်မ ၃၅၃ ဆိုတာက တာဝန်ဝတ္တရားနှောင့်ယှက်မှုပါ။”

တရားစွဲဆိုခံထိထားတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေကို ရမည်းသင်းရဲစခန်းက ဆင့်ခေါ်တာကြောင့် အောက်တိုဘာ ၈ ရက်နေ့က တောင်အောက်ကို ဆင်းလာခဲ့ပေမယ့် ဖြေရှင်းမှု မပေးတာကြောင့် ရွှေမြင်တင်ဘုရားပေါ်မှာ စခန်းဖွင့် နေထိုင်ခဲ့ကြပါတယ်။

စခန်းဖွင့် တောင်းဆိုနေတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအ၀င် ၁၀၀ ကျော်ရှိတယ်လို့ သိပါတယ်။ ရွှေမြင်တင် ဂေါပကအဖွဲ့က ဒီနေ့ နောက်ဆုံးထားပြီး  ဘုရားအတွင်းက ထွက်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ အချက် ၃ ချက်ကို တောင်းဆိုထားတယ်လို့ ရွှေလုပ်သား ကိုဇော်နိုင်ဝင်းက ပြောပါတယ်။

"တောင်းဆိုချက်ကတော့ အင်းအက်တာများ ယခင်ပုံစံအတိုင်း ဆက်လက် လုပ်ကိုင်ခွင့် ရရှိရေး၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိရေး၊ ကုမ္ပဏီမှ တင်းကျပ်သည့် စည်းမျဉ်း ဥပဒေများ ပြင်ဆင်ပေးရေး၊ ဈေးသည် မှီခိုနဲ့ ရွှေလုပ်သားဆိုင်ကယ်ကယ်ရီများ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် ရရှိရေး ၃ ချက်ကို တောင်းဆိုထားပါတယ်။"

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးလုပ်ငန်း အသေးစားလေးတွေ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်လုပ်ကိုင်ခွင့် ပေးထားရာကနေ ဆက်လုပ်ခွင့် ပိတ်လိုက်တဲ့အတွက် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစတင်ပြီး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013