မလေးရှားနဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေဟာ အထူးနယ်စပ်စီးပွားရေးဇုန်တခု ဖော်ဆောင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကြား ပင်လယ်စာကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ ပြဿနာတရပ်ကို ဖြေရှင်းပြီးပြီလို့ ဇူလိုင် ၉ ရက်မှာ ပြောလိုက်ပါတယ်။
မေလမှာ ထိုင်းနိုင်ငံဟာ ဓာတုအကြွင်းအကျန်တွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် မလေးရှားကနေ ဖမ်းဆီးရမိတဲ့ ငါးတွေ တင်သွင်းမှုကို ကန့်သတ်ခဲ့ပါတယ်။
မလေးရှားအစိုးရကလည်း ပြီးခဲ့တဲ့လက အစားအစာဘေးကင်းရေး ထိန်းချုပ်မှုတွေကြောင့် ထိုင်းပုစွန်အမျိုးအစား တချို့ကို ယာယီပိတ်ပင်ခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က “ငါးလုပ်ငန်းဆိုင်ရာ မဖြေရှင်းရသေးတဲ့ ပြဿနာကို ကျနော်တို့ ဖြေရှင်းပြီးပါပြီ။ တပတ်အတွင်း အကောင်အထည်ဖော်သင့်တယ်လို့လည်း ကျနော်တို့ သဘောတူခဲ့ကြတယ်” လို့ မလေးရှား အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာယာမှာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းနဲ့ တွေ့အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်းဟာ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ ရေရှည်တည်ရှိနေတဲ့ နယ်စပ်ပြဿနာတွေကို ချောမွေ့စေဖို့ ရည်ရွယ်ပြီး မလေးရှားနိုင်ငံဆီ ၂ ရက်ကြာ ခရီးစဉ်နဲ့ ရောက်နေတာပါ။
ခေါင်းဆောင်တွေက အထူးနယ်စပ် စီးပွားရေးဇုန်တခု ဖော်ဆောင်ဖို့နဲ့ ၂ နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေး အကောက်ခွန်ဖလှယ်မှုတွေကို လွယ်ကူချောမွေ့စေရေးကိုလည်း သဘောတူခဲ့ကြတယ်လို့ အန်ဝါက ပြောပါတယ်။
ဝန်ကြီးချုပ် ၂ ယောက်ဟာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုလည်း သက်သေပြုခဲ့ကြပါတယ်။
Source: Reuters










