တရားစွဲခံ ဒီဗွီဘီသတင်းထောက် ရှေ့နေနှင့် တွေ့ခွင့်မရ

ဖမ်းဆီးတရားစွဲခံထားရတဲ့ တနင်္သာရီတိုင်း မြိတ်မြို့က ဒီဗွီဘီသတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်ကို မတ် ၁၆ ရက်နေ့မှာ ရုံးချိန်းရှိတာကြောင့် ရှေ့နေပါဝါလွှဲခွင့်ပေးဖို့ ဇနီးသည်က တောင်းဆိုလိုက်ပါတယ်။
သူ့ဇနီး မနေခြည်မိုးထက်က “မနေ့က (မတ် ၁၃ ရက်နေ့) ကိုအောင်ကျော်ဆီက စာရောက်တယ်။ အကျဉ်းဦးစီးကနေ ပေးခိုင်းလိုက်တဲ့စာ၊ သူ့ (ကိုအောင်ကျော်) လက်ရေးနဲ့၊ အောက်မှာ သူ့လက်မှတ်နဲ့။ အဲဒါကို မူရင်းတော့မဟုတ်ဘူး မိတ္တူ ရောက်တယ်။ ရေးထားတာက ၁၆ ရက်နေ့ သူ့ရုံးချိန်းတဲ့၊ သူ့ကျန်းမာရေးတွေကတော့ ပြန်ကောင်းနေပြီတဲ့။ မတ်လ ၃ ရက်နေ့တုန်းက သူ့ကို ရမန်ယူသွားတယ်တဲ့။ မိသားစုတောင် သိတောင်မသိလိုက်ရဘူး။ ၅၀၅ (က) နဲ့ စွဲထားတယ်လို့ သူထည့်ရေးထားတယ်။ သူ့ရှေ့နေနဲ့ သူနဲ့တွေ့ခွင့်ရအောင် လုပ်ပေးပါတဲ့။ ရှေ့နေကနေတဆင့် မိသားစုတွေ့ခွင်ရအောင် ကြိုးစားဖို့ရယ်။ အဲဒါလေးရေးထားတယ်” လို့ပြောပါတယ်။
ဖမ်းဆီးခံရချိန်ကစပြီး ပုဒ်မ ၅၀၅ က နဲ့ စွဲဆိုခံရတယ်လို့ ကြားသိချိန်ကစလို့ ရှေ့နေက တွေ့ဖို့ကြိုးစားနေသလို ရှေ့နေပါဝါလွှဲဖို့လည်းကြိုးစားနေဆဲဖြစ်ပြီး ခုထိတော့ ကိုအောင်ကျော်ကို တွေ့ဆုံခွင့် မရသေးပါဘူး။
ဒီအခြေအနေတွေ ဖြစ်နေချိန်ထိတိုင် ကိုအောင်ကျော်ရဲ့အမှုဟာ မြိတ်မြို့နယ် တရားရုံးကို ရောက်မလာသေးဘူးလို့ သိထားတယ် လို့လည်း မနေခြည်မိုးထက်က ပြောပါတယ်။
“ကျမ လာမယ့် ၁၆ ရက်နေ့ တချက်စောင့်ကြည့်မယ်ပေါ့နော်။ ကျမတို့မိသားစုတွေအနေနဲ့ကတော့ သူ့ကို ရှေ့နေပါဝါ မြန်မြန်ရပြီးတော့ ရှေ့နေနဲ့ သူနဲ့ တွေ့ဖို့က အရေးကြီးနေတယ်။ ၁၆ ရက်နေ့ရုံးထုတ်ရင်လည်း ဗွီဒီယို call နဲ့ပဲ ထင်ပါတယ်” လို့ပြောပါတယ်။
ဒီဗွီဘီသတင်းထောက်ကိုအောင်ကျော်ကို မတ် ၁ ရက်နေ့ညမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက မြိတ်မြို့က နေအိမ်ကို အင်အားသုံး၊ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။
အလားတူ ပဲခူးတိုင်း ပြည်မြို့က ဒီဗွီဘီသတင်းထောက် ကိုမင်းညိုလည်း ဖမ်းဆီးခံထားရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ မတ် ၁၃ ရက်အထိ နိုင်ငံတဝန်းမှာ သတင်းသမားစုစုပေါင်း ၃၇ ယောက် ဖမ်းဆီးခံခဲ့ရပြီး ဒီထဲက ၂၂ ယောက်ကတော့ ပြန်လွတ်မြောက်လာပါတယ်။
အမျိုးသမီး သတင်းထောက် တယောက်အပါအဝင် ၁၅ ယောက်ကိုတော ဖမ်းဆီးထားဆဲဖြစ်ပြီး ၁၀ ယောက်က တရားစွဲခံထားရပါတယ်။
တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် အများဆုံး ၂ နှစ်နဲ့ ငွေဒဏ်ပူးတွဲချမှတ်နိုင်ပါတယ်။
စစ်အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ် ၁၄ ရက်အထိ ကာလအတွင်း အကြမ်းဖက်ဖြိုခွင်းခံရလို့ သေဆုံးသူ ၁၂၆ ယောက်ရှိပြီး အများအပြားဒဏ်ရာရထားကြတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က မတ် ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီရက်အတွင်းမှာ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၁၅၆ ဦး ရှိပြီလို့လည်းဆိုပါတယ်။











