
တောင်ကိုရီးယားနိုင်ငံဟာ စစ်တပ်ရဲ့ အဓိကတိုက်ခိုက်ရေးစွမ်းရည်တွေကို ပြည်သူတွေဆီ ပြသဖို့နဲ့ ကိုယ့်အားကိုယ်ကိုး ကာကွယ်ရေးအပေါ် ထားရှိတဲ့ ကတိကဝတ်ကို ပေါ်လွင်စေဖို့အတွက် မေ ၂၈ ရက်က ကျည်အစစ်နဲ့ပစ်ခတ်မှု ပူးပေါင်းလေ့ကျင့်ရေးတခုကို ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
၂၀၂၆ ခုနှစ် ကျည်အစစ်ပစ်ခတ်မှု ပူးပေါင်းလေ့ကျင့်ရေးကို ဆိုးလ်မြို့ မြောက်ပိုင်းရှိ ဖိုချွန်းမှာ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး အန်ဂျူဘက်ခ်က ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်တပ်ရဲ့ အသင့်ရှိနေမှုနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်စွမ်းရှိမှုကို ပြသဖို့ ရည်ရွယ်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဒီ ကျည်အစစ်နဲ့ပစ်ခတ်မှု ပူးပေါင်းလေ့ကျင့်ရေးဟာ ရိုးရိုးစစ်ရေးလေ့ကျင့်မှုတခု ဒါမှမဟုတ် တကြိမ်တခါလောက်ပဲလုပ်တဲ့ ပွဲတခု မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီး အန်ဂျူဘက်ခ်က စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ပြောပါတယ်။
ဒါဟာ ဘယ်လိုခြိမ်းခြောက်မှုမျိုးကနေမဆို ကိုရီးယားသမ္မတနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကိုယ်တိုင်ကာကွယ်သွားမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုကို ပြန်အတည်ပြုတဲ့ အခါသမယ ဖြစ်သလို ပြည်သူတွေကိုလည်း ခိုင်မာတဲ့ လုံခြုံရေးအခြေအနေနဲ့ စိတ်ချရတဲ့ အသင့်ပြင်ဆင်ထားမှုတွေကို ကတိပေးလိုက်တာလည်း ဖြစ်ပါတယ်လို့ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ကြည်း၊ ရေ၊ လေနဲ့ မရိန်းအထူးတပ်ဖွဲ့စု ၂၇ စုက စစ်သည်အင်အား ၁,၄၀၀ လောက် ပါဝင်ခဲ့ပြီး လှုပ်ရှားစစ်ဆင်ရေး၊ ပစ်ခတ်မှုစွမ်းရည်နဲ့ လေကြောင်းဆိုင်ရာ ပစ္စည်းကိရိယာ အမျိုးအစား ၉၆ မျိုး၊ စုစုပေါင်း လက်နက်ကိရိယာ ၄၅၇ ခုကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားနိုင်ငံထုတ် အဓိက လက်နက်စနစ်တွေဖြစ်တဲ့ K2 တိုက်ပွဲဝင်တင့်ကား၊ K9 ကိုယ်တိုင်မောင်း အမြောက်နဲ့ KF-21 ဘိုရာမဲ တိုက်လေယာဉ်တွေအပြင် ခေတ်သစ်စစ်ပွဲတွေမှာ အသုံးပြုတဲ့ လူမဲ့မောင်းနှင်တဲ့စနစ်နဲ့ ဉာဏ်ရည်တု (AI) အခြေခံ နည်းပညာသစ်တွေလည်း ပါဝင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source: Reuters










