DVB Logo
Home
မေးမြန်းခန်း
မြန်မာ့ ပထမဆုံးအသေးစားချေးငွေဘဏ်ဖွင့်လှစ်မည်- မေးမြန်းချက်
DVB
·
October 19, 2013
မြန်မာ့ ပထမဆုံးအသေးစားချေးငွေဘဏ်ဖွင့်လှစ်မည်- မေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံက ဆင်းရဲသားတွေအတွက် ရည်ရွယ်ပြီး    Myanmar Micro Finance Bank  မြန်မာအသေးစားငွေရေးကြေးရေးဘဏ်ကို  လာမယ့် နိုဝင်ဘာလ ထဲမှာ ပထမဆုံး  ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဒီဘဏ်အနေနဲ့ ကျေးလက်နေ တောင်သူလယ်သမားတွေနဲ့ ဆင်းရဲသားပြည်သူတွေအတွက်  ဘယ်လိုဝန်ဆောင်မှုတွေ ပေးဖို့ရှိနေပါသလဲ  မြန်မာအသေးစား ငွေရေးကြေးရေးဘဏ်ရဲ့ အထွေထွေမန်နေဂျာ ဦးသက်နိုင်ဝင်းကို  ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာအသေးစားငွေချေးဘဏ်ကို ဖွင့်တော့မယ်လို့ ကျနော်တို့ သိရတယ်။ ဘယ်လိုလူမျိုးတွေကို ဘယ်လိုပုံစံနဲ့ ထုတ်ချေးသွားမှာလဲ။ ချေးမယ့်သူတွေက အပေါင်ထားရမလား၊ တယောက်ကို ငွေပမာဏ ဘယ်လောက်ထိ ချေးသွားဖို့ အစီအစဉ်ရှိလဲ။

“ကျနော်တို့ ဘဏ်လုပ်ငန်းအနေနဲ့ ပြည်သူတွေဆီက အပ်ငွေတွေ လက်ခံသွားမယ်။ တခြားဘဏ်တွေ လုပ်သလိုပါပဲ။ ရတဲ့ပိုက်ဆံကိုမှ ပြည်သူလူထုလက်ထဲ ထုတ်ချေးသွားမှာပေါ့။ လုပ်ငန်းလည်ပတ်ပုံကတော့ ဗဟိုသမ၀ါယမအသင်း ရှိပါတယ်။ ကျနော်တို့ဆီ အပ်တဲ့ ပိုက်ဆံတွေကို ဗဟိုသမ၀ါယမအသင်းကို ကျနော်တို့ ပေးမှာပေါ့။ ဗဟိုသမ၀ါယမအသင်းကနေ သမ၀ါယမ အဖွဲ့အစည်းတွေကနေတဆင့် ကျေးလက်ရွာတွေ ၆ သောင်းလောက်ရှိတယ်။ ၀င်ငွေနည်းတဲ့သူတွေနဲ့ လယ်သမားတွေပေါ့။ ဗဟိုသမ၀ါယမအသင်းပေါ် မူတည်ပါတယ်။ ကျနော်တို့က ဘဏ်လုပ်ငန်းဆိုတော့ ဘဏ်အနေနဲ့ အပ်ငွေတွေ လက်ခံလိုက်မယ်၊ ရတဲ့ပိုက်ဆံ ကို အဖွဲ့အစည်းကို ပေးလိုက်မယ်။ အဲဒီကမှ အသေးစားချေးငွေလုပ်ငန်းပေါ့။ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ အသေးစားချေးငွေ လုပ်ငန်း ဥပဒေနဲ့အညီ အာမခံမပါဘဲ (without collateral) နဲ့ ထုတ်ချေးသွားမှာပါ။
ကျနော်တို့ မြန်မာအသေးစားငွေရေးကြေးရေးဘဏ်အပိုင်းမှာတော့ ၂ ခုရှိမယ်။ တဖက်က ဗဟိုသမ၀ါယမအသင်းတို့ကို အသေးစားချေးငွေအတွက် အပေါင်ပစ္စည်းထားစရာမလိုဘဲ ပေးသလို Commercial loans စီးပွားရေးအတွက်ချေးငွေတွေကိုလည်း ဘဏ်တခုအနေနဲ့ လုပ်သွားပါမယ်။ နှစ်ပိုင်းပေါ့။ စီးပွားရေးလုပ်ငန်းအတွက်ချေးသွားမယ်၊   နောက် သမ၀ါယမရဲ့ ဦးစီးမှုနဲ့ သမ၀ါယမ အသင်းအဖွဲ့တွေနဲ့ ကျေးလက်မှာရှိတဲ့ ၀င်ငွေနည်းတဲ့သူတွေအတွက်လည်း ကျနော်တို့ ချေးသွားမှာပါ။”

ဘဏ်အနေနဲ့ ချေးငွေအတွက် အတိုးကရော ဘယ်လောက် ယူသွားဖို့ရှိလဲ၊ ဘဏ်ရဲ့ မတည်ငွေကိုလည်း ပမာဏ ဘယ်လောက်နဲ့ မတည် တည်ထောင်ထားတာပါလဲ။

“ဘဏ်ရဲ့ မတည်ငွေကတော့ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျနော်တို့ လုပ်သွားပါမယ်။ အတိုးနှုန်းတွေကိုလည်း ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဘောင်အတွင်းကပဲ သတ်မှတ်ပြီး လုပ်သွားပါတယ်။ အတိုးနှုန်းဆိုရင်လည်း Saving အပ်နှံငွေအပေါ်မှာဗဟိုဘဏ်က သတ်မှတ်ထားတာရှိပါတယ်၊ စာရင်းသေအပ်ငွေ fixed deposit အချိန်ပိုင်းအပ်ငွေ မှာလည်း တခြားဘဏ်တွေနည်းတူ ကျနော်တို့ လုပ်သွားမှာပါ။ သတ်မှတ်ထားတဲ့ ၁၃ ရာခိုင်နှုန်း အထက်ပေါ့။ ဒီဘောင်အတွင်းမှာပါပဲ။ အဲဒီမှာဆိုရင်လည်း ချေးငွေအတွက် အတိုးနှုန်းက ၂ ကျပ်ခွဲထက် ပိုပြီး ပြည်သူတွေကို ချေးလို့ မရပါဘူး။ သူ့ရဲ့ ဥပဒေအတိုင်း သွားရမှာပေါ့။”

ဒီဘဏ်ကနေ ဆင်းရဲသားတယောက်အနေနဲ့ ပိုက်ဆံ ပမာဏ ဘယ်လောက် အများဆုံး ချေးယူလို့ရမလဲ။ အတိုးက ဘယ်လောက်ပေးရမလဲဆိုတာ သိချင်ပါတယ်။

“ဗဟိုသမ၀ါယမအသင်းကို ကျနော်တို့က ချေးလိုက်မှာကို လက်ကားအနေနဲ့ wholesale ပေးလိုက်တော့ သူတို့ရဲ့ချေးတဲ့အပေါ်မှာပဲ မူတည်မှာပါ။”

ဒါဆို မြန်မာအသေးစားငွေရေးကြေးရေးဘဏ်ဟာ အစိုးရပိုင်ဘဏ်ဖြစ်မလား၊ သမ၀ါယမ လက်အောက်မှာ ရှိတဲ့ဘဏ်လား၊ သီးခြားလွတ်လပ်တဲ့ ပုဂ္ဂလိက ဘဏ်အဖြစ် ရပ်တည်မှာလား  ဘယ်ပုံစံနဲ့ ရပ်တည်မှာပါလဲ။

“ကျနော်တို့ဘဏ်ကတော့ အများပိုင်ဘဏ်ပါ။ အစုရှယ်ယာတွေလည်း နောက်ပိုင်း ကျနော်တို့ ခေါ်သွားမှာပါ။ အများပိုင်ဘဏ်အနေနဲ့ပဲသွားမှာပါ။”

ဘဏ်ရုံးချုပ်ကတော့ ရန်ကုန်မှာရှိမယ်၊ နောက် တနိုင်ငံလုံး ဘယ်မြို့တွေ၊ နယ်တွေမှာ ဘဏ်ခွဲတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်သွားဖို့ စီစဉ်ထားလဲ။

“ရုံးချုပ်ကတော့ ဆရာစံပလာဇာ ဒုတိယထပ်မှာ ဖွင့်လှစ်ထားပါတယ်။ ပထမဦးစားပေးက ရန်ကုန်မှာ တောင်ဥက္ကလာ ပါရမီဘဏ်ခွဲပေါ့။ နိုဝင်ဘာလထဲမှာ ဖွင့်ဖို့ရည်မှန်းထားပါတယ်။ ပြီးရင် ရန်ကုန်မှာ ၈ နေရာ၊ ၉ နေရာလောက် ဖွင့်လှစ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ တခုပြီးတခု ဖွင့်သွားပါမယ်။ အဲဒါတွေ ပြီးရင်တော့ မန္တလေးတို့၊ နေပြည်တော်တို့ တကယ့်မြို့ကြီးတွေမှာ တဖြည်းဖြည်း တိုးချဲ့သွားပါ့မယ်။ ဘဏ်အသစ်တခု ဖွင့်တယ်ဆိုတော့ ပြင်ဆင်မှုအပိုင်းလေးတွေ လုပ်နေလို့ပါ။ အချက်အလက်တွေသိမ်းတဲ့ Data center တည်ဆောက်နေပါတယ်။ ဘဏ်လုပ်ငန်းသုံး ကွန်ပျူတာစနစ်  Banking Software တွေလည်း အကောင်းဆုံးဖြစ်အောင် အချိန်ယူ ပြင်ဆင်နေပါတယ်။ ပြင်ဆင်မှုအပိုင်း တော်တော်လေး ပြီးသွားပါပြီ။ တနှစ်အတွင်းမှာ ဘဏ်ခွဲ ၁၅ ခုလောက် ဖွင့်ဖို့ ခန့်မှန်းထားပါတယ်။”

ငွေချေးသူတွေ အများစုက နဂိုကတည်းက ငွေးကြေးချို့တဲ့သူတွေဆိုတော့ ငွေတွေချေးပြီးရင် ချဲထီထိုးပစ်လိုက်တာတို့ တခြားတလွဲသုံးပစ်လိုက်တာတို့လုပ်ပြီး ဘဏ်ကို ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။  အဲဒီအတွက်ကော ဘယ်လို ကာကွယ်ထားမလဲဗျ။

“အဲဒါက ပေးလိုက်မယ့် အဖွဲ့အစည်းပေါ်မှာပဲ မူတည်သွားပါ့မယ်။ ဗဟို သမ၀ါယမအသင်းလေ။ သူတို့ကတော့ အသေးစားချေးငွေလုပ်ငန်းဥပဒေနဲ့အညီ သူတို့က ချေး သွားမှာပေါ့လေ။ ကျနော်တို့ မြန်မာအသေးစားငွေရေးကြေးရေးဘဏ်အပိုင်း အနေနဲ့ကတော့ စုငွေ လက်ခံမယ်။  ပြီးတော့  ဗဟို သမ၀ါယမအသင်းကို ပေးလိုက်မယ်။ ကျန်တဲ့အပိုင်းက သူတို့အနေနဲ့ ဆင်းရဲသားတွေနဲ့ သူတို့ ဆက်သွယ်ပြီး လုပ်သွားရမယ့်အပိုင်းဖြစ်ပါတယ်။”

ဘဏ်အနေနဲ့ ငွေထုတ်ချေးလိုက်တာအပြင် ဆင်းရဲသားတွေအနေနဲ့ ထုတ်ချေးလိုက်တဲ့ ငွေကြေးအပေါ် ထိထိရောက်ရောက် အသုံးချတတ်လာအာင်၊ ရင်းနှီးလုပ်ကိုင်တတ်လာအောင် ပညာပေးလုပ်ငန်းတွေလုပ်ဖို့ကော အစီအစဉ်ရှိပါသလား။

“ဒါကိုတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက လုပ်သွားမှာပါ။ ဒါမှလည်း ရတဲ့ပိုက်ဆံကို အကျိုးရှိရှိ အသုံးချတတ်မှ အောင်မြင်သွားမှာပါ။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့နဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ကို ဦးတည်ပြီး လုပ်တာပါပဲ။ သုံးမယ့် ပြည်သူတွေအနေနဲ့ ဒါကို ထိထိရောက်ရောက် အသုံးချနိုင်မယ်ဆိုရင် ဘာပဲပြောပြော သူတို့အတွက်လည်း ၀င်ငွေပိုပြီး ရသွားနိုင်သလို တိုင်းပြည်အတွက်လည်း ကောင်းသွားမှာပေါ့။”

နောက်ဆုံးမေးချင်တာက တောင်အာရှအပါအ၀င် ဒေသတွင်း နိုင်ငံတွေမှာလည်း ဒီလို အသေးစားချေးငွေ လုပ်ငန်းဘဏ်တွေ ဖွင့်လှစ်အောင်မြင်တာရှိသလို အရင်းပြုတ်သွားတဲ့ ဘဏ်တွေရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာဆို နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွစ်ရဲ့ Grameen Bank အောင်မြင်တာရှိတယ်။ မြန်မာပြည်မှာကော ဦးသက်နိုင်ဝင်းတို့ ဘဏ် ရေရှည်ရပ်တည်နိုင်မယ် ထင်ပါလား။ ရပ်တည်နိုင်အောင်ကော ဘယ်လို ပြင်ဆင်ထားပါသလဲ။

“ကျနော်တို့က အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကျနော်တို့က ပြည်သူလူထုအတွက် တဖက်တလမ်းက အထောက်အကူဖြစ်အောင် ရည်ရွယ်ထားတဲ့အတွက် ကျနော်တို့ ဘဏ်အနေနဲ့လည်း အပ်နှံငွေတွေ များများရအောင်၊ ရတဲ့ စုငွေတွေကိုလည်း အတတ်နိုင်ဆုံး မဆုံးရှုံးအောင်၊ ပြည်သူလူထုအတွက်လည်း အကျိုးရအောင် ကျနော်တို့ ကြိုးစားမှာပါ။ မြန်မာအသေးစားငွေရေးကြေးရေးဘဏ် ဖြစ်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ငွေပိုငွေလျှံရှိတဲ့ ပြည်သူတွေဆီကလည်း အပ်ငွေတွေ ပိုပြီးရနိုင်လာသလို မြန်မာပြည်မှာ ပထမဆုံး မြန်မာအသေးစားငွေရေးကြေးရေးဘဏ် ဖြစ်တဲ့အတွက်လည်း  နိုင်ငံတကာကာကလည်း Grant ထောက်ပံ့ကြေးတို့၊ Loans ချေးငွေတို့ ၀င်လာပြီး ကျနော်တို့ ဒီမှာရှိတဲ့ ပြည်သူတွေကို အကူအညီပေးချင်တယ်ဆိုရင်လည်း စုငွေတွေလည်း ၀င်လာနိုင်မယ်လို့ ထင်တယ်လေ။ အဲဒီလို အရင်းနှီးတွေ ရလာမယ်ဆိုရင်တော့ အကောင်းဆုံးလုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013