
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို တင်ဆောင်လာတဲ့ ရထားတစင်း ဘာလိုချီစတန်ပြည်နယ် အနောက်တောင်ပိုင်းမှာ မေ ၂၄ ရက်က ဗုံးခွဲခံရတယ်လို့ အရာရှိတွေက ပြောပါတယ်။
လမ်းချော်သွားတဲ့ ရထားကနေ မီးခိုးတွေ ထူထူထပ်ထပ်ထွက်နေတဲ့ ရုပ်သံကို လူမှုမီဒီယာမှာ တွေ့ရပါတယ်။
ခွဲထွက်ရေးစစ်သွေးကြွတွေက သူတို့လက်ချက်လို့ အခိုင်အမာပြောတဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ အဓိကတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံးပြီး ၇၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်အစိုးရနဲ့ လုံခြုံရေးအရာရှိ သတင်းရင်းမြစ် ၃ ခုက ဆိုပါတယ်။
မီဒီယာကိုပြောဖို့ ခွင့်ပြုချက် မရထားတာကြောင့် သူတို့ ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြခဲ့ပါဘူး။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။
အီရန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်က သတ္တုကြွယ်ဝတဲ့ ဘာလိုချီစတန်ပြည်နယ်မှာ ရထားတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခံခဲ့ရဖူးပြီး အခုတိုက်ခိုက်မှုက နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။
ပါကစ္စတန်အစိုးရက နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အများဆုံး အကြမ်းဖက်မှုတချို့ အပြီးမှာ ပုန်ကန်မှုတန်ပြန်ရေးအတွက် စစ်ဆင်ရေးတွေကို စတင်ခဲ့ပါတယ်။
အခုနှစ်အစောပိုင်းမှာ ဘာလိုချီစတန်တဝန်း ညှိနှိုင်းတိုက်ခိုက်မှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့ပြီးတဲ့နောက် နာရီ ၄၀ ကြာ စစ်ဆင်ရေးတခုမှာ ပါကစ္စတန်တပ်ဖွဲ့တွေက စစ်သွေးကြွ ၁၄၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။
Source: Reuters










