
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ အနီးက တပ်မတော် တပ်စခန်းတစ်ခုကို မတ်လ ၁၁ ရက် မနက် ၃ နာရီလောက်က ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆယ်ဇင်းရွာသားတွေက ပြောပါတယ်။
အဆိုပါ တပ်မတော် တပ်စခန်းဟာ ဆယ်ဇင်းကျေးရွာအနီးက ဝေဟုမ်းမှော်မှာ တည်ရှိတာဖြစ်ပြီး လက်နက်ကြီးပစ်သံ ၁၀ ချက်မနည်းကြားခဲ့ရသလို သေနတ်သံတွေလည်း မိုးလင်းခါနီးအထိ ကြားနေရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။
"မနက် ၃ နာရီလောက်က စပြီး လက်နက်ကြီးထုသံတွေစကြားရတာပဲ။ သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်။ မိုးလင်းခါနီးမနက် ၅ နာရီလောက်မှ သေနတ်သံတွေ မကြားရတော့တာ"။
အဆိုပါတပ်မတော် တပ်စခန်းကို လက်နက်ကြီးပစ်ခတ်မှုကြောင့် အဆောက်အအုံ တခု မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေရှိမရှိ မသိရသေးဘူးလို့လည်း ဒေသခံ ရွာသားတဦးက ပြောပါတယ်။