DVB Logo
Home
မြန်မာသတင်း
ဂါးဒီးယန်း ဦးစိန်ဝင်း ဈာပန အောက်တိုဘာ ၂၀ ကျင်းပမည်
DVB
·
October 18, 2013
ဂါးဒီးယန်း ဦးစိန်ဝင်း ဈာပန အောက်တိုဘာ ၂၀ ကျင်းပမည်
Donate to DVB

မနေ့က ကွယ်လွန်သွားတဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့ ဈာပနကို အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ရေဝေးသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဘ၀တသက်တာလုံး သတင်းမီဒီယာသမားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း အသက် ၉၂ နှစ်ဟာ ရန်ကုန်မြို့ အမှတ် ၂၈၃ ဦးဝိစာရလမ်း စမ်းချောင်းမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီ ၁၂ မိနစ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဆရာကြီးဟာ သတင်းစာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့သလို မြန်မာသတင်းသမား တွေအတွက် အခြေပြု သတင်းစာပညာစာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့တယ်လို့ ဆရာကြီးရဲ့ သမီးဖြစ်သူ ဒေါ်အေးအေးဝင်းက ပြောပါတယ်။

“သတင်းစာလွတ်လပ်ခွင့်ကို ရွတ်ရွတ်ချွံချွံ တိုက်ခဲ့တဲ့သူအနေနဲ့ကတော့ အမြဲတမ်း ဆုံးရှုံးတာပေါ့။ ဘာလို့လဲဆိုတော့ သူ့လိုသတ္တိရှိတဲ့သူတယောက် ရှိဖို့လိုတယ်။ ဒါပေမယ့် ၉၂ နှစ်ဆိုတော့လည်း သူ့အနေနဲ့ နားလို့ရနေပါပြီ။ သူလုပ်စေချင်သလို သတင်းထောက်တွေက တာဝန်သိတဲ့ သတင်းထောက်တွေ ဖြစ်နေရင် အဲဒါအမြတ်ပေါ့။ ကျန်အောင်လည်း သူက သတင်းစာပညာဆိုပြီး စာအုပ်ကလေး ထုတ်ခဲ့တယ်။ အဲဒီစာအုပ်ကို ဖတ်တာ အဓိက မဟုတ်ပါဘူး။ သူပြောသလို လုပ်ရင် သတင်းထောက်တွေက ဆုံးရှုံးမသွားပါဘူး။ အမြတ်ထုတ်လို့ ရပါတယ်။”

ဂါးဒီးယန်း ဦးစိန်ဝင်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးတည်ထောင်တဲ့ နိုင်ငံခြား သတင်းထောက်များအသင်းရဲ့ နာယကတဦးဖြစ်ပြီး သတင်းစာလောကမှာ ကျင်လည်ရင်း ၃ ကြိမ်တိုင်တိုင် ထိန်းသိမ်းခံရဖူးပါတယ်။

ဈာပန လိုက်ပါပို့ဆောင်လိုသူတွေအတွက် ဦးဝိစာရလမ်းနေအိမ်ကနေ အောက်တိုဘာ ၂၀ ရက် မနက် ၁၀ နာရီမှာ ကားတွေထွက်ဖို့ စီစဉ်ထားပါတယ်။

ဆရာကြီးဟာ မြန်မာ့အလင်းနဲ့ စီးပွားရေးသတင်းစာတွေ၊ အလုပ်သမားဂေဇက်၊ နယူတိုင်းမ်အော့ဖ် ဘားမားနဲ့ နေးရှင်းအင်္ဂလိပ်သတင်းစာတွေမှာ သတင်းထောက်ချုပ်နဲ့ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၈ ခုနှစ် မတ်လမှ ၁၉၆၃ ခုနှစ် မေလကုန်ထိ ဂါးဒီးယန်းသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူ့ရဲ့သတင်းစာ လွတ်လပ်ခွင့်အတွက် ဆောင်ရွက်ချက်တွေကြောင့် ၁၉၆၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံ သတင်းစာထုတ်ဝေသူများအဖွဲ့ချုပ်က ရွှေကလောင်ဆုကို ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးတည်ထောင်တဲ့ နိုင်ငံခြားသတင်းထောက်များအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်ထိ ဆောင်ရွက်ခဲ့ပြီးနောက် နောက်ပိုင်းတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန်ချိန်မှာ သမီး ၃ ယောက်နဲ့ မြေး ၇ ယောက် ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013