DVB Logo
Home
မြန်မာသတင်း
ဖူးခက်မီးလောင်မှု ပျောက်ဆုံး မြန်မာအလုပ်သမား စာရင်းပေးရန် တိုက်တွန်း
DVB
·
October 18, 2013
ဖူးခက်မီးလောင်မှု ပျောက်ဆုံး မြန်မာအလုပ်သမား စာရင်းပေးရန် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံသားအများအပြား အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့က Super Cheap ကုန်တိုက်ကြီး အောက်တိုဘာ ၁၆ ရက်နေ့ည မီးလောင်မှုဟာ အခုချိန်ထိ မီးကြွင်းမီးကျန်တွေကို ငြိမ်းသတ်နေဆဲဖြစ်ပြီး မြန်မာအလုပ်သမားတွေ ပျောက်ဆုံးတာရှိရင် စာရင်းလာပေးဖို့ ထိုင်းကယ်ဆယ်ရေးက ပြောကြားလိုက်ပါတယ်။

[caption id="attachment_45062" align="aligncenter" width="300" caption="Photo by skynews"][/caption]

မြန်မာအလုပ်သမားတွေ ပျောက်ဆုံးသူ ရှိပါက ထိုင်းအရေးပေါ် ကယ်ဆယ်ရေးဌာန ၀၇၆၂၁၈၄၄၄ နဲ့ ၀၈၉၆၄၉၅၉၁၅ ကို စာရင်းလာပေးကြဖို့ ဖူးခက်မြို့တော်ခန်းမမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုလက်ရှိ ထိုင်းနိုင်ငံသား ပျောက်ဆုံးသူ ၉ ဦး စာရင်းလာပေးထားပြီး ၇ ဦးကို ပြန်တွေ့ပြီဖြစ်ပြီး ၂ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် မီးငွေ့တွေ ကျန်နေသေးတဲ့အတွက် တာဝန်ရှိသူတွေ အထဲကို ၀င်ခွင့်မပြုအတွက် သေဆုံးသူနဲ့ ပျောက်ဆုံးသူစာရင်းကို ကောက်ယူလို့ မရသေးကြောင်း၊ အနီးပတ်ဝန်းကျင် ဆေးရုံတွေမှာလည်း ဒဏ်ရာရတဲ့သူတွေ မရောက်လာဘူးလို့ ပြောပါတယ်။
အခင်းဖြစ်ပွားရာနေကို သွားရောက်ခဲ့တဲ့ မြန်မာအလုပ်သမား အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနရဲ့ ကျန်းမာရေးတာဝန်ခံ ဦးအောင်ကျော်က အခုချိန် မီးကြွင်းမီးကျန်တွေကို ငြိမ်းသတ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဦးအောင်ကျော်က သူတို့ရရှိထားတဲ့ စာရင်းအရ အဲဒီစက်ရုံမှာ မကြာသေးခင်က အသစ်ဝင်လာတဲ့ အလုပ်သမားတွေအပါအ၀င် မြန်မာအလုပ်သမား ၃၀၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။
“မြန်မာအလုပ်သမား ၃၀၀၀ ကျော်ရှိတယ်။ ဈေးရုံက အကြီးကြီးပဲ။ တချို့တွေက သူတို့ဟာ သူတို့ မသိကြဘူး။ ဥပမာ ဟင်းသီးဟင်းရွက်အပိုင်းဆိုရင် တလိုင်း၊ ပန်းနဲ့ အသီးအနှံက တလိုင်း၊ အဲဒီလိုင်းတွေမှာမှ သူ့အစုလိုက်နဲ့ သူ့ခေါင်းဆောင်နဲ့ အုပ်လိုက်တွေ။ တချို့အုပ်စုက ၁၁ ယောက်လောက်က သူ့လူကြီးနဲ့ သူတို့ပဲ သိကြတာ။ တချို့လူတွေက မသိကြဘူး။ ဒါကြောင့် ဘယ်သူတွေ ဒဏ်ရာရတယ်ဆိုတာလည်း မသိကြဘူး။”

အခုချိန်ထိ ထိုင်းတာဝန်ရှိသူတွေကအထဲကို ၀င်ခွင့်မပေးသေးတဲ့အတွက် မြန်မာအလုပ်သမား သေဆုံး၊ ပျောက်ဆုံးစာရင်းကို ကောက်ယူလို့ မရသေးဘူးလို့ ပြောပါတယ်။
“သူတို့ ၀င်ပြီးရှင်းတဲ့အချိန်ကျရင် အလောင်းဘယ်နှလောင်းလောက် ထွက်လာမလဲဆိုတာ သိချင်တာပါ။ ဒါပေမယ့် သူတို့က အခုချိန်ထိ မဖော်သေးဘူး။ ပေးလည်း မ၀င်သေးဘူး။”
ထိုင်းချန်နယ် ၃ သတင်းမှာ ဖော်ပြချက်အရ အဲဒီကုန်တိုက်မှာ ထိုင်းအလုပ်သမား ၂၇၃၆ နဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားတွေက ၇၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
အဲဒီကုန်တိုက်မှာ လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ တနင်္သာရီတိုင်း ထားဝယ်နဲ့ မွန်ပြည်နယ်ဘက်က များတယ်လို့ ဆိုပါတယ်။
ကုန်တိုက်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၂၀၀ လောက် ပျောက်ဆုံးနေတယ်ဆိုပြီး အလုပ်သမားတွေအကြား အတည်မပြုနိုင်သေးတဲ့သတင်းတွေ ထွက်ပေါ်နေတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။
“မနေ့က အလုပ်သမားတွေနဲ့ တွေ့တော့ တချို့ကလည်း ခန့်မှန်းတယ်၊ အဲဒီလောက်ထိ မသေနိုင်ဘူးလို့ပြောတယ်။ တချို့ကလည်း သေနိုင်တယ် ပြောတယ်။ ကျနော်တို့အဖွဲ့ဆီကိုတော့ သူတို့အလုပ်သမားတွေ ပျောက်နေတယ်ဆိုပြီး လာပြောတာ မရှိသေးဘူး။”
ထိုင်းနိုင်ငံ ဖူးခက်တမြို့လုံးမှာ မြန်မာအလုပ်သမား တရားဝင်ရော၊ တရားမ၀င်ရော ၁ သိန်းကျော်ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013