DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ငွေကျပ်သိန်း ထောင်ချီ လိမ်လည်မှု ဖြစ်ပွား
DVB
·
October 17, 2013
Donate to DVB

မြန်မာတရုတ်နယ်စပ် မူဆယ်မြို့နဲ့ ရန်ကုန်၊ မန္တလေးမြို့တွေကို ငွေလွှဲလုပ်ငန်း လုပ်ကိုင် နေတဲ့ ရွှေဇာမဏီ ငွေလွှဲလုပ်ငန်းဟာ ပြည်တွင်းကုန်သည် ၁၉ ဦးထံက ငွေကျပ် သိန်း ၅ ထောင်လောက် ပမာဏရှိတဲ့ လွှဲအပ်ငွေကို ပြန်ထုတ်မပေးပဲ လိမ်လည်သွားတယ်လို့ ငွေဆုံးရှုံးသွားခဲ့ကြတဲ့ ကုန်သည်တွေက ပြောပါတယ်။

မူဆယ်မြို့ တဖက်ခြမ်းမှာရှိတဲ့ တရုတ်ပြည် ရွှေလီမြို့မှာ ကုန်တွေဝယ်ပြီး ပြည်တွင်းကို တင်သွင်းရောင်းချကြတဲ့ ရန်ကုန်၊ မန္တလေးနဲ့ မူဆယ်မြို့က ကုန်သည်တွေဟာ ခုလဆန်းပိုင်း ကတည်း အသီးသီး ငွေလွှဲခဲ့ကြရာမှာ ခုချိန်ထိ ပြန်မရသေးတာပါ။ ဒီကုန်သည်တွေအနေနဲ့ တရုတ်ပြည်က ပစ္စည်းဝယ်ယူဖို့အတွက် မြန်မာကျပ်ငွေပေးပြီး နယ်စပ်မှာ တရုတ်ယွမ်ငွေ ပြန်ထုတ်ယူဖို့ မူဆယ်အခြေစိုက် ရွှေဇာမဏီကုမ္ပဏီကနေပြီး တဆင့်ခံ ငွေလွှဲပေး တာလည်း ဖြစ်ပါတယ်။ ရန်ကုန်က အထည်ကုန်သည်တဦးဖြစ်တဲ့ ဦးရဲလင်းက ဒီကုမ္ပဏီနဲ့ ငွေလွှဲတာ ၁ နှစ်ကျော်လို့ ယုံကြည်မှုရလာချိန်မှာ ငွေလိမ်သွားတာလို့ အခုလို ပြောပါတယ်။

“ငွေလိုက်သိမ်းတဲ့အချိန်မှာ ရွှေဇာမဏီကုမ္ပဏီ လီမိတက်ဆိုတဲ့ ဘောင်ချာနဲ့ ယူသွားတယ်။ တကယ်တလေ မူဆယ်မှာ ကျနော်တို့ကိုယ်တိုင် ငွေထုတ်တာ ရှိတယ်။ တခါတလေ သူတို့က တရုတ်ကို တိုက်ရိုက် လွှဲပေးတာ ရှိတယ်။ ငွေထုတ်တယ်ဆိုတာက ကျနော်တို့လာတဲ့အခါကျရင် ဗမာငွေ ယူပြီး ဂျူတီခတွေ ပေးစရာရှိတယ်။ တရုတ်ကို ပေးစရာရှိတာကတော့ သူက ကုမ္ပဏီထောင်ထားတဲ့အတွက် သူကနေပြီး မြန်မာငွေနဲ့ ညီမျှတဲ့ တရုတ်ငွေကို လဲပြီး ပေးပေးရမယ့် အေးဂျင့်ပါ။ ကျနော်တို့က အဲအတွက် သူတို့ကို ၀န်ဆောင်ခပေးပြီးသားဖြစ်တယ်။ ၂ နှစ်လောက် လုပ်ပြီးတော့ ကျနော်တို့ကလည်း ယုံကြည်ပြီး ငွေတွေ ပိုပေးလာတဲ့အပေါ်မှာ သူတို့က အလွဲသုံးစားလုပ်ပြီး ပိုက်ဆံတွေအားလုံးကို ယူပြီး ရှောင်သွားတယ်။ အယောက် ၂၀ စာ။ ဘယ်သူတွေဆီက လိမ်တယ်ဆိုတာ ကျနော့်မှာ စာရင်းတွေ ရှိပါတယ်။ ငွေအားလုံးတွက်ရင် ကျနော့်မှာရှိတဲ့ စာရင်းအရ သိန်း ၄၈၀၀ ရှိပါတယ်။”

အလားတူ မူဆယ်မြို့က အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင် ဦးမျိုးညွှန်ကတော့ ကျပ်ငွေ သိန်း ၉၀၀ အလိမ်ခံရပြီး ကြုံတွေ့ရတဲ့အခက်အခဲကို အခုလို ပြောပါတယ်။ “ကျနော်တို့ လုပ်ငန်းအတွက် အရေးကြီးတာ ဒီငွေပဲလေ။ ဒီငွေမရှိဘူးဆိုရင် လုပ်ငန်းလည်ပတ်ရတာ တော်တော်လေး ခက်ခဲသွားတာကိုး။ ဒါတွေက ကျနော်တို့ မှန်ကုန်သော နည်းလမ်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေလေ။ မကျေနပ်တာက မမေနှင်းကြည်က ဒီအချိန်ကျမှ ၀န်ထမ်းပါဆိုပြီး ပြောပြီးတော့ ရဲအကူအညီကို ရယူသွားတာ။”

ရွှေဇာမဏီငွေလွဲလုပ်ငန်းက ဒေါ်မေနှင်းကြည်က သူနဲ့ သက်ဆိုင်ခြင်း မရှိဘဲ ကုမ္ပဏီက သူဌေးမ ဒေါ်ချိုချိုအေး ထွက်ပြေးသွားတဲ့အတွက် လက်ရှိ သူတို့ လုပ်ငန်းရပ်လိုက်ပြီလို့ ပြောပါတယ်။ “ကျမက သူ့ရဲ့ စာရေးမပဲ။ အရောင်းအ၀ယ်ပဲ ကိုင်တာ။ လချုပ်ကတော့ သူပဲလုပ်တာ။ အခုက ကုမ္ပဏီလည်း လုံးဝ လုပ်လို့ မရတော့တာ။ သူဌေးမရှိတော့ဘူးဆိုတော့ ကျမတို့ ဆက်လုပ်လို့ မရတော့တာ။”

ရန်ကုန်မှာ ကုန်သည်တွေဆီက ငွေလက်ခံယူတဲ့ နန်းအွမ်စံဟွမ်ကတော့ ကုမ္ပဏီက ခိုင်းတဲ့အတွက် ငွေလက်ခံယူရတာဖြစ်ပြီး သူ့မှာ တာဝန်မရှိဘူးလို့ ငြင်းဆိုပါတယ်။ “ကျမက ရန်ကုန်မှာ တာဝန်ခံပြီး ယူထားရတယ်။ တာဝန်ခံယူရတယ်ဆိုတာလည်း သူက မူဆယ်ကနေ ညွှန်ကြားတာပဲ။ အဲဒီကုန်သည်တွေလည်း သူတို့ပဲ ချိတ်တာ။ ကျမက သူတို့ခိုင်းတဲ့အတိုင်းပဲ လွှဲပြောင်းပေးရတာ။ ကျမဆီမှာက အဲဒီဝင်ငွေ၊ ထွက်ငွေ စာရင်းဇယား အကုန်ရှိတယ်။ ကျမ ပြန်တင်ပြလို့ရတယ်။ အခု မူဆယ်က တရုတ်ငွေ သွင်းပေးတဲ့ တယောက်က ထွက်ပြေးနေတယ်ပေါ့။ ရှာလို့မတွေ့ဘူး အဆက်အသွယ်လုပ်မရဘူး။ ကျမကတော့ တရားမှန်ရာပဲ သွားမယ်လေ။ အလွဲသုံးစားလုပ်ထားတာ တပြားတချပ်မှ မရှိပါဘူး။ ကျမဆီမှာ စာရင်းအတိအကျ ရှိပါတယ်။”

ငွေလိမ်ခံရမှုနဲ့ ပတ်သက်ပြီး ကုန်သည်တွေက မူဆယ်ရဲစခန်းကို တိုင်ကြားပေမယ့် ငွေတွေကို ရန်ကုန်ကနေ ပေးတဲ့အတွက် ရန်ကုန်မှာ ရှိတဲ့ရဲစခန်းကိုပဲ တိုင်ကြားဖို့ ပြောဆိုခဲ့တဲ့ အကြောင်း ကုန်သည်တွေက ပြောပါတယ်။

မူဆယ်မြို့မရဲစခန်းကို မေးမြန်းရာတော့ ဒီကိစ္စကို သိရှိပေမယ့် တိုင်ချက် လာဖွင့်တာ မရှိသေးဘူးလို့ တာဝန်ကျအရာရှိတဦးက ပြောပါတယ်။

“ကာယကံရှင်တွေက ဇာတိရောက်မှ အမှုပြန်ဖွင့်မယ်လို့ပြောတယ်ဗျ။ ဒီမှာ မဖွင့်ကြဘူးဗျ၊ သူတို့ ဌာနေမှာပဲ ပြန်ဖွင့်ကြမယ်ဗျ။ ”

မူဆယ်မြို့မှာ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေက ဘဏ်ခွဲတွေ ဖွင့်လှစ်ပြီး ငွေလွှဲလုပ်ငန်း တွေ ရှိနေတဲ့ကြားက ကုန်သည်တွေက တရားမ၀င်ငွေလွှဲလုပ်ငန်းတွေကနေ ငွေလွှဲရာကနေ ခုလို ငွေတွေ ဆုံးရှုံးခဲ့ကြရတာလည်း ဖြစ်ပါတယ်။ ငွေလိမ်ခံရတဲ့ ဒီကုန်သည်တွေကတော့ အချိန်ကြာတာရယ်၊ လိုချင်တဲ့ ပမဏ မရတာ တွေကြောင့် ဘဏ်တွေကို အသုံးမပြုဘဲ အများစုက ဒီ ငွေလွဲလုပ်ငန်းတွေကိုပဲ အသုံးပြု တယ်လို့ ဦးရဲလင်းက ပြောပါတယ်။

“မူဆယ်မှာ တရုတ်ငွေကို လွှဲလိုက်တဲ့အခါမှာ နိုင်ငံတော်က တရားဝင် သတ်မှတ်ပေးထား တဲ့ ဘဏ်တွေတော့ ရှိတယ် ခင်ဗျ။ ဒါပေမယ့် အဲဒီဘဏ်တွေကို လွှဲရတဲ့အခါမှာ တရုတ်ငွေကို သွားလဲဖို့အတွက် အချိန်ကြာမြင့်တာတို့၊ ကျနော်တို့ လိုအပ်ငွေတွေ မရတာတို့ ရှိပါတယ်။ သူတို့က ဒီမှာ ရွှေဇာမဏီကုမ္ပဏီတို့ ဘာတို့ ညာတို့ ဖွင့်ပြီးတော့ တရားဝင်လဲတဲ့ နည်းလည်း ရှိတယ်။ တရားမ၀င်လဲတဲ့နည်းလည်း ရှိတယ်။ အဓိကက ငွေကြေးဖလှယ်တဲ့နေရာမှာ နိုင်ငံတော်ကနေပြီး တရုတ်ငွေကို လွယ်လွယ်ကူကူ ၀ယ်လို့ မရတာက အဓိက အခက်အခဲ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က မဖြစ်မနေ သူတို့နဲ့ ဆက်စပ်နေရတယ်ခင်ဗျ။ ”

ငွေလိမ်ခံရတဲ့ ကုန်သည်တွေအနေနဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး မကြာခင်မှာ အမှုဖွင့်သွားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013