DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားဘဏ်များတွက် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲနေ
DVB
·
October 17, 2013
နိုင်ငံခြားဘဏ်များတွက် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲနေ
Donate to DVB

နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေသစ်ကို ရေးဆွဲနေပြီလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံခြားဘဏ်တွေကို ဘဏ်အနေနဲ့ ခွင့်မပြုထားဘဲ ကိုယ်စားလှယ်ရုံးခွဲ အနေနဲ့သာ ဖွင့်ခွင့်ပေးထားတဲ့အပြင် ဘဏ်လုပ်ငန်းပိုင်ဆိုင်ရာ ၀န်ဆောင်မှုတွေကိုလည်း လုပ်ကိုင်ခွင့်မပေးထားပါဘူး။

ဒါကြောင့် နိုင်ငံခြားဘဏ်တွေ ပြည်တွင်းမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုတွေကို လုပ်ကိုင်နိုင်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းသစ်ကို စတင်ရေးဆွဲနေပြီလို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုအတွက် လုပ်ကိုင်ခွင့်ပေးခြင်းဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအပေါ် ငွေကြေးဆိုင်ရာ အထောက်အကူ များစွာရရှိစေတဲ့အပြင် အခြားအကျိုးခံစားခွင့်တွေလည်း ရရှိမယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားဘဏ်တွေ ၀င်လာပြီဆိုတော့ နိုင်ငံတကာ ဘဏ်စနစ်တွေ အရမ်းကောင်းလာမယ်။ ပြီးတော့ ကျနော်တို့ နိုင်ငံမှာလည်း ချေးငွေ စနစ်တွေ အရမ်းကောင်းလာမယ်။ အခုအချိန်မှာ တော်တော်များများ ကုမ္ပဏီကြီးတွေ သူတို့ငွေအရမ်းရှား တယ်လေ။ ငွေအရမ်းရှားတော့ အကုန်လုံးက နိုင်ငံခြားမှာ ချေးဖို့ ပြင်ဆင်နေကြတယ်။ နိုင်ငံခြား ဘဏ်တွေ ဒီကို ၀င်လာတာနဲ့ နိုင်ငံခြားမှာ သွားချေးစရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာ သွားချေးရင် အတိုးနှုန်းနည်းတာတော့ မှန်တယ်။ ဒါပေမယ့် အရမ်းကြောက်ဖို့ ကောင်းတာက ငွေလဲနှုန်း အတက်အကျက အရမ်းကြောက်ဖို့ကောင်းတယ်။ တကယ်လို့ နိုင်ငံခြားဘဏ်တွေ မြန်မာပြည်လာလို့ရှိရင် ဒီ ငွေလဲနှုန်းအတက်အကျ ဘာမှ မရှိတော့ပဲနဲ့ တိုက်ရိုက် မြန်မာငွေနဲ့ ချေးလို့ရတယ်။”

နိုင်ငံခြားဘဏ်တွေ အခုလို ပြည်တွင်းမှာ ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိလာခြင်းဟာ ပြည်တွင်းဘဏ် လုပ်ငန်းတွေအပေါ် စိန်ခေါ်မှုက အနည်းအကျဉ်းရှိမှာဖြစ်ပြီး ဒါကိုလည်း ခွင့်မပြုဘဲနေရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ဆိုရှယ်လစ်ခေတ်ကို ပြန်ရောက်သွားဖို့ပဲ ရှိတယ်လို့ ဦးဆက်အောင်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာစနစ်တွေကလည်း နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်ခဲ့တာဖြစ်လို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ လိုတယ်လို့ ဦးဆက်အော်က ပြောပါတယ်။

“စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ စဉ်းစားထားရတော့မယ်။ ဖွင့်တာကတော့ ဖွင့်ရတော့မယ်။ ကျနော်တို့နိုင်ငံရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာစနစ်တွေကလည်း အရမ်းကို ခေတ်နောက်ကျနေပြီ။ လာအိုလို၊ ကမ္ဘောဒီးယားလို နိုင်ငံမျိုးတွေတောင်မှ ကျနော်တို့ထက် အများကြီး ဘဏ်လုပ်ငန်းစနစ် တက်သွားပြီ။ စိန်ခေါ်မှုတွေ ရှိနေတဲ့အတွက် ဆက်ပိတ်ထားမယ်ဆိုရင် နောက် ၅ နှစ်လောက်မှာ ဘယ်သူ့ကိုမှ ယှဉ်ပြိုင်လို့မရတဲ့ ကမ္ဘာ့ ဖွံ့ဖြိုးမှု အနည်းဆုံး ဘဏ်လုပ်ငန်း ဖြစ်သွားမှာပေါ့။”

ပုဂ္ဂလိက ဘဏ်လုပ်ငန်းတခုဖြစ်တဲ့ CB သမ၀ါယမဘဏ်က အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က နိုင်ငံခြားဘဏ်တွေကို ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့်ပြုတဲ့အပေါ်မူတည်ပြီး ပြည်တွင်း ဘဏ်လုပ်ငန်းတွေအပေါ် သက်ရောက်မှု ရှိနိုင်တဲ့အကြောင်း အခုလိုပြောပါတယ်။

“လုပ်ခွင့်ပေးမယ်ဆိုတာက ဘယ်လိုပေးမှာလဲ၊ သီးခြား ဘဏ်ခွဲတွေ ဖွင့်ပေးမှာလား။ သီးခြားပေးမယ်ဆိုရင်လည်း ထိုင်းတို့၊ စင်ကာပူတို့လိုပဲ ဌာနခွဲတခုပဲ ဖွင့်လို့ရမယ်။ ရန်ကုန်ဆို ရန်ကုန်တခုတည်း ဖွင့်ပြီးတော့ အကန့်အသတ်ထားမယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဒေသဆိုင်ရာ ဘဏ်တွေ မထိခိုက် အောင်ပေါ့နော်။”

အစိုးရအနေနဲ့က ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ထိခိုက်မှုမရှိအောင် အခုရေးဆွဲနေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းထဲမှာ ထည့်သွင်းမယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေအကြားမှာ သဘောတူညီထားတဲ့ ASEAN Economic Community အရ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာဘဏ်လုပ် ငန်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းအတွက် ခွင့်ပြုပေး ရတော့မှာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။

တရုတ်၊ မလေးရှား၊ ထိုင်း၊ ဘရူနိုင်း၊ စင်ကာပူ၊ ဂျပန်၊ ဗီယက်နမ် နဲ့ အိန္ဒိယနိုင်ငံတွေမှ နိုင်ငံခြားဘဏ်တွေက ကိုယ်စားလှယ်ရုံးအနေနဲ့ ရုံးခွဲပေါင်း ၂၄ ခုကို ပြည်တွင်းမှာ ဖွင့်လှစ်ထားရှိပြီးဖြစ်ပေမယ့် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုတွေကိုတော့ ဗဟိုဘဏ်က လုပ်ကိုင်ခွင့် မပေးထားပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013