DVB Logo
Home
မြန်မာသတင်း
အလုပ်သမားခေါင်းဆောင်များ အလုပ်ထုတ်ခံနေရ
DVB
·
October 16, 2013
Donate to DVB

စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို အလုပ်သမားကိုယ်စား တင်ပြ တောင်းဆိုဖို့ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်ရှင်တွေက အကြောင်းမဲ့ အလုပ်ထုတ်တာ ရှိတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အလုပ်သမားအရေးဆောင်ရွက်နေသူ ဒေါ်သက်သက်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုရဲလင်းစိုး၊ မအေးသီတာခိုင် နဲ့ မဟေမန်ချစ်တို့ကို အလုပ်ရှင်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိပဲ ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ ဖာမိုဆိုစက်ရုံက အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုရဲလင်းစိုးကတော့ သူ့ကို အလုပ်ရုံက အလိုမရှိတော့လို့ပြောပြီး အလုပ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

“သူက လျှော်ကြေးတယ်။ ကျနော်က လျှော်ကြေးမယူဘူး။ ကျနော့်မှာ အပြစ်မရှိတဲ့အတွက် အလုပ်ပြန်လုပ်မယ်ပြောတော့ အပြစ်တော့မရှိဘူး၊ ကုမ္ပဏီက မလိုအပ်တော့လို့ လျော်ကြေး ပေးပြီး အလုပ်ဖြုတ်လိုက်တယ်လို့ပဲ ပြောတယ်။ သူဌေးနဲ့ အလုပ်သမားတွေကြားမှာ ကျနော်တို့ အလုပ်သမားတွေအတွက် အခွင့်အရေးတွေ အကျိုးကျေးဇူးတွေ ကာကွယ်စောင့်ရှောက်ပေးရတဲ့ အနေအထားမျိုးမှာ အလုပ်ရှင်နဲ့ ပြောရဆိုရတာတွေ ရှိတယ်။ အဲဒီအတွက် ကျနော်တို့ကို ထုတ်တယ်လို့ မြင်တယ်။”

အလုပ်သမားခေါင်းဆောင် ၃ ဦးကို အလုပ်ထုတ်တာနဲ့တပ်သက်ပြီး ဖာမိုဆို အလုပ်သမား ၇၀၀ လောက် အောက်တိုဘာလ ၁၄ ရက်နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။
လှိုင်သာယာစက်မှုဇုန်အတွင်းက စက်ရုံတချို့မှာလည်း အလားတူ အလုပ်ထုတ်ခံရမှု ရှိ တယ်လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

အလုပ်ထုတ်ခံရတဲ့အတွက် အလုပ်သမားတွေ နစ်နာဆုံးရှုံးခဲ့ကြရပြီး ဥပဒေအရ အကာကွယ်ပေးထားမှုတွေ မရှိဘူးလို့လည်း ဆိုပါတယ်။

“ဥပဒေမှာ အလုပ်ရှင်တွေက နစ်နာကြေးပေးပြီးတော့ တစ်အချက် နစ်နာကြေးဆိုတဲ့ဟာက အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ဥပဒေမှာ အလုပ်ရှင်က သူ့စီးပွားရေး ငွေရေးကြေးရေး ကုန်ကြမ်းအခက်အခဲရှိနေရင် လုပ်အားတွေကို လျော့ချလို့ ရတယ်ပေါ့။ ဒါပေမယ့်ခက်တာက အဲဒီပြဿနာ ဘာမှမရှိပဲ အလုပ်သမားတွေ ပြစ်ချက်တစုံတရာ မရှိပဲနဲ့ အလုပ်ကနေ ထုတ်ပစ်လိုက်တာ ဖြစ်နေတယ်။ ဥပဒေမှာ နစ်နာကြေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တည်ဆဲ ဥပဒေကို အလုပ်ရှင်ဘက်ကနေ ဖောက်ဖျက်ခဲ့လို့ရှိရင် အလုပ်သမားတွေကို နစ်နာကြေးပေးပြီး ထုတ်စေဆိုတဲ့ဟာပဲ ပြန်ပြောထားတော့ ဥပဒေအရ အလုပ်ရှင်အတွက် အားသာချက်ဖြစ်နေတယ်။ အလုပ်ရှင်က မကျေနပ်ရင် ကြိုက်တဲ့အချိန်မှာ ထုတ်လို့ရသလို။ အလုပ်ရှင်ရဲ့ လက်ထဲမှာပဲ အလုပ်သမားတွေရဲ့ အာမခံချက်ဖြစ်သွားတာ။”

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးနောက် အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်နဲ့ ဆန္ဒပြခွင့်တွေ ရရှိခဲ့ပေမယ့် ရပိုင်ခွင့်တွေ တောင်းဆိုတဲ့ အလုပ်သမားတွေဟာ အလုပ်ဖြုတ်ခံရတာ နဲ့ ဖမ်းဆီးတရားစွဲဆို ထောင်ချခံရတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်နေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013