
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်သာယာအောက်ဈေးမှာ ကာလကြာရှည် ထင်းရှူးဆီရောင်းချလာသူ ၂ ယောက်ကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဖမ်းဆီးပြီး သစ်တောဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အောင်ပန်းနယ်မြေရဲစခန်းက ရဲတွေနဲ့ ကလောမြို့နယ် သစ်တောဦးစီးဌာနတာဝန်ရှိသူတွေ ပူးပေါင်းပြီး ပြည်သာယာအောက်ဈေးအတွင်း စစ်ဆေးခဲ့တာမှာ ခွင့်ပြုချက်မရှိဘဲ ထင်းရှူးဆီ ရောင်းနေတယ်ဆိုပြီး ဖမ်းခဲ့တာပါ။
ဈေးအဝင်လမ်းဘေးမှာ ထင်းရှူးဆီရောင်းနေတဲ့ အောင်ပန်းမြို့၊ အမှတ် ၃ အေးမြင့်သာယာ ရပ်ကွက်နေ ဒေါ်မာမာအေးနဲ့ ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာနေ ထွန်းကုန် တို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဆီကနေ ထင်းရှူးဆီ ပိဿာ ၂၀ စီ၊ စုစုပေါင်း ပိဿာ ၄၀ လောက် သိမ်းဆည်းရမိခဲ့ပြီး တယောက်စီရဲ့ ထင်းရှူးဆီတန်ဖိုးက ကျပ် ၆၀,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
ထင်းရှူးဆီတွေကို ခွင့်ပြုချက်မရှိဘဲ ရောင်းချဖို့လက်ဝယ်ထားရှိတယ်ဆိုပြီး ဒေါ်မာမာအေးနဲ့ ထွန်းကုန် တို့ကို အောင်ပန်းနယ်မြေရဲစခန်းမှာ သစ်တောဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရ ပါတယ်။
ထင်းရှူးဆီရောင်းချသူတွေဟာ အောင်ပန်းဈေးမှာ အရင်ကတည်းက နှစ်ပေါင်းများစွာ ရောင်းချ လာကြသူတွေဖြစ်တာကြောင့် အခုလို ဖမ်းဆီးခံရတာဟာ ဈေးရောင်းသူတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အောင်ပန်း ဒေသခံတယောက်က “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ထင်းရှူးပင်တွေမပျက်စီးအောင် ထိန်းသိမ်းတာကတော့ လိုအပ်ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက ဒီလိုပဲရောင်းလာကြတာကို အခုမှ ရုတ်တရက် ဖမ်းဆီးတာက ဈေးရောင်းတဲ့သူတွေအတွက် အခက်အခဲဖြစ်စေပါတယ်။ အရင်ကတည်းက ရောင်းလာတဲ့သူတွေဆိုတော့ အသိပညာပေးတာတို့၊ စည်းကမ်းသတ်မှတ် ပေးတာတို့ လုပ်ပြီးမှ အရေးယူသင့်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
အောင်ပန်း-ကလော ပြည်ထောင်စုလမ်းမကြီးဘေး ဝဲယာတလျှောက်မှာရှိတဲ့ ထင်းရှူးပင်တွေကနေ ထင်းရှူးဆီထုတ်ယူပြီး အောင်ပန်း ပြည်သာယာအောက်ဈေးမှာ ရောင်းချနေကြတာလို့ ဒေသခံတွေ က ပြောပါတယ်။
လမ်းမကြီးဘေးတလျှောက်မှာလည်း ထင်းရှူးဆီထုတ်ယူဖို ခုတ်ထွင်ထားတဲ့ ထင်းရှူးပင် ရာနဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတချို့က ထင်းရှူးပင်တွေ ခုတ်ထွင်ပြီး ဆီထုတ်ယူတာကြောင့် သစ်တောပျက်စီးမှု မဖြစ်အောင် ထိန်းချုပ်ဖို့လိုအပ်တယ်လို့ဆိုသလို တဘက်မှာလည်း နှစ်ပေါင်းများစွာလုပ်ကိုင်လာတဲ့ ရောင်းချသူတွေကို တခါတည်း ဖမ်းဆီးအရေးယူတာထက် အသိပညာပေးတာ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ပေးတာနဲ့ တရားဝင်ရောင်းချခွင့်ပြုတာမျိုး ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဝေဖန် ပြောဆိုမှုတွေ ရှိပါတယ်။










