DVB Logo
Home
မြန်မာသတင်း
ထရိတ်ဒါး ဗုံးပေါက်ကွဲမှုကြောင့် ပြည်ပခရီးစဉ်များ ဖျက်သိမ်း
DVB
·
October 16, 2013
ထရိတ်ဒါး ဗုံးပေါက်ကွဲမှုကြောင့် ပြည်ပခရီးစဉ်များ ဖျက်သိမ်း
Donate to DVB

ခု ရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ဗုံးလန့်မှုတွေကြောင့် မြန်မာပြည်တွင်း ၀င်ရောက်မယ့် ပြည်ပခရီးသည်တွေက သူတို့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြတယ်လို့ ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့ညက ဗုံးပေါက်ကွဲခဲ့လို့ ပြည်ပ ခရီးသွားတွေက သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်ပူပန်တဲ့အတွက် ခရီးစဉ်တွေကို ပြန်လည် ဖျက်သိမ်းလာကြတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်ပခရီးသွားတွေက သူတို့ရဲ့လုံခြုံရေးအပေါ် စိုးရိမ်စိတ်တွေ ရှိလာလို့ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး အဓိက ဥရောပနိုင်ငံတွေက များတယ်လို့ ပတ္တမြားမြေခရီးသွားလုပ်ငန်းက အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

“အခုပြဿနာက ဗုံးပေါက်ကွဲတာက ဟိုတယ်အပြင်မှာ ပေါက်တာမဟုတ်ဘူး။ ဟိုတယ် အတွင်း အိပ်ခန်းထဲမှာ ပေါက်တာ။ အခြားနိုင်ငံကို သွားတယ်။ ဗုံးပေါက်တယ်ဆိုရင် အပြင်မထွက်ကြနဲ့ အခန်းထဲမှာ နေကြပါလို့ပြောရတယ်။ အခုက ဟိုတယ်ထဲမှာ မနေကြနဲ့ မလုံခြုံဘူး အပြင်ထွက်နေကြပါလို့ ပြောရမယ့်သဘော ဖြစ်နေပါတယ်ခင်ဗျာ။ ငလျင်လှုပ်သလိုပေါ့၊ ငလျင်လှုပ်ရင် ဟိုတယ်ထဲက အပြင်ထွက်ရတယ်။ အခုဟာက ဟိုတယ်အခန်းထဲမှာကို မလုံခြုံတာ၊ ဒီပြဿနာက အရေးကြီးလာပြီ။”

ခရီးစဉ်တွေကို ဖျက်သိမ်းလာခြင်းကြောင့် ပြည်တွင်းမှာ ရှိတဲ့ ခရီးသွားလုပ်ငန်းရှင်တွေ အနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့လည်း တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။

“ခရီးစဉ်တွေ ဖျက်သိမ်းမှုတွေလာပြီ၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားက စိတ်ပူပြီး မလာတော့ဘူး။ သူတို့ငွေ ပြန်ပေးပါ တောင်းပြီ။ ပြန်ပေးရတော့မယ်၊ ဒီလိုအခြေအနေမျိုးက ပြန်ကို ပေးရမယ်။ သူတို့ပေးရမယ်ဆိုရင်လည်း ဟိုတယ်ကို ကြိုတင်ငွေ ပေးထားပြီးပြီ။ ဟိုတယ်ကလည်း ဒီငွေတွေ ပြန်အမ်းပေးဖို့ အရေးကြီးတယ်။ အဲယားလိုင်းတွေဆီကလည်း ကြိုတင်ငွေတွေကို ပြန်အမ်းဖို့လိုတယ်။ သို့မဟုတ်ရင် ခရီးသွားလုပ်ငန်းရှင်အများစုက ဒီဖြစ်ပျက်မှုကြောင့် နစ်နာဆုံးဆုံးမှု အများအဆုံးက အဓိက ခရီသွားလုပ်ငန်းရှင်တွေပဲဖြစ်တယ်။”

ဒါကြောင့် ခရီးသည်တွေအတွက် ခရီးသွားကုမ္ပဏီတွေက ဟိုတယ်တွေမှာ ကြိုတင် သွင်းထားငွေကို ခရီးစဉ်ဖျက်သိမ်းလို့ ပြန်တောင်းတဲ့အခါ ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ ဟိုတယ်တွေကနေ အခန်းခ ရှင်းလင်းထားတဲ့ငွေကို ပြန်မရလို့ ခက်ခဲနေတဲ့အကြောင်းနဲ့ ဒါကို ပြေလည်စေဖို့အတွက် ၀န်ကြီးဌာနကနေ အမိန့်အနေနဲ့ ညွှန်ကြားချက်ထုတ်ပြန် ဖြေရှင်းပေးဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာအင်တာနေရှယ်နယ် အဲယားဝေး လေကြောင်းလိုင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်အေးမရသာက သူတို့ လေကြောင်းလိုင်းမှာတော့ ထူးထူးခြားခြား သက်ရောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။

“အချိန်ကလည်း ပုံမှန်ပဲ၊ သွားတဲ့အချိန်ဖြစ်နေတာ့ မှန်းလို့မရသေးဘူး။ ဖလိုက်တွေ လူတယောက်မှ မရှိတာမျိုးတော့ မဖြစ်ဘူး။ လောလောဆယ်တော့ လေယာဉ်အချိန်တွေ ဖျက်တာတော့ မရှိဘူး။ ပြည်တွင်းတော့ မဟုတ်ဘူး။ ပြည်ပပေါ့၊ ဖြစ်တာကလည်း ဒီတစ်ရက် နှစ်ရက်ဖြစ်တယ်ဆိုတော့ ဒီရက်ပိုင်းတွေမှာ ခရီးသည် ရုတ်တရက်လျော့သွားတာတော့ မရှိဘူး။”

အလားတူ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူးကလည်း ရန်ကုန် ထရိတ်ဒါးဟိုတယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် ပြည်ပခရီးစဉ်တွေရဲ့ အခြေအနေအပေါ် သက်ရောက်မှုကို ပြောဖို့ခက်တယ်လို့ ပြောပါတယ်။

“လောလောဆယ်ကတော့ မထူးသေးပါဘူး။ ခရီးစဉ်ပျက်တယ်၊ ဘာညာဆိုတာမျိုးတော့ မကြားသေးဘူး။ သက်ရောက်မှုဆိုတာကတော့ ပြီးမှပဲ စောင့်ကြည့်ရမှာပေါ့။ ဒီပေါက်ကွဲမှုဖြစ်လို့ လာလား၊ မလာလားဆိုတာ အဲဒီအချိန်ကျမှပဲ သိမှာပဲ။ ကြိုပြီး မျှော်မှန်းလို့လည်း မရဘူးလေ။ ထရိတ်ဒါးမှာဖြစ်တဲ့ ကိစ္စကလည်း အခုပဲ တရားခံမိသွားပြီလေ။ ဒီသတင်းက ပျောက်သွားမှာပါ။”

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ယခုနှစ်အတွက် နိုင်ငံခြားသားခရီးသည် အရေအတွက် ၂ သန်းခန့် ၀င်ရောက်မှုရှိမယ်လို့ မျှော်မှန်းထားတာဖြစ်ပြီးတော့ စက်တင်ဘာလ အထိ နိုင်ငံခြားသားခရီးသည်ဦးရေ ၁ ဒဿမ ၁ သန်း ၀င်ရောက်ဖို့ ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013