DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခ ပိုပြီးမကျယ်ပြန့်ရေး ၀ိုင်းဝန်းထိန်းသိမ်းရန် ဦးမင်းကိုနိုင် တိုက်တွန်း
DVB
·
October 16, 2013
ပဋိပက္ခ ပိုပြီးမကျယ်ပြန့်ရေး ၀ိုင်းဝန်းထိန်းသိမ်းရန် ဦးမင်းကိုနိုင် တိုက်တွန်း
Donate to DVB

ဖွဲ့စည်းပုံအကျပ်အတည်း ဖြေရှင်းနေချိန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေချိန်မှာ ပဋိပက္ခတွေကို မကျယ်ပြန့်အောင်နဲ့ ပိုပြီးပြင်းအားကောင်းတဲ့ ကြမ်းတမ်းမှုတွေ မဖြစ်ရေး ၀ိုင်းဝန်းထိန်းသိမ်းကာကွယ်ကြဖို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အပေါ် အခုလို ပြောကြားလိုက်တာပါ။

ဦးမင်းကိုနိုင်က “ကျနော်တို့ဟာ ပဋိပက္ခတွေကို တတ်နိုင်သမျှ မကျယ်ပြန်အောင် ၀ိုင်းတားဆီးကြရလိမ့်မယ်။ အဲဒီအပြင် ဖွဲ့စည်းပုံ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့အချိန်၊ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်မှာ ဒီလိုမတည်ငြိမ်မှုတွေ လူတွေထိတ်လန့်သွားအောင် စပြီးတော့ အင်မတန် စနစ်တကျ ဖွဲ့စည်းပြီး ကွန်ရက်တွေလို လှုပ်ရှားသွားတယ်လို့ ကျနော်တို့ မြင်တယ်။ နောက်ထပ်စိုးရိမ်တာက ဒီပုံစံအတိုင်း ဒီထက်ပြင်းတဲ့ဟာတွေနဲ့ဆို ဘယ်လိုလုပ်မလဲ။ အပြစ်မဲ့တဲ့ ပြည်သူတွေလည်း ဘယ်လိုနည်းနဲ့မှ သွေးတပေါက် မကျသင့်ပါဘူး။ ဒီထက်ပိုပြီး ပြင်းထန်တဲ့ဟာတွေ မဖြစ်ခင်မှာ ကျနော်တို့ စုပေါင်းပြီး ကာကွယ်ကြရမယ်။”

ဒါ့အပြင် ဗုံးကွဲမှုတွေဖြစ်တိုင်း အရင်ကလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ကျောင်းသားတပ်မတော်တို့ကို စွပ်စွဲတာမျိုး မလုပ်ဖို့လည်း ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။

“အရင်လို အလွယ်တကူ တောထဲက တိုင်းရင်းသားလက်နက်ကိုင်တို့၊ ကျောင်းသားတပ်မတော်တို့ကို စွပ်စွဲတာမျိုး အလွယ်တကူတော့ မလုပ်နဲ့ပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံးနဲ့ ကြိုးပမ်းပြီး စကားပြောနေတယ်၊ ရတဲ့သူလည်း ရတယ်၊ ဆက်ဆွေးနွေးတဲ့သူလည်း ဆွေးနွေးနေတယ်။ အဲလိုအချိန်ဖြစ်နေတယ်။ အဲဒါကို နည်းနည်း သတိထားကြရမယ်။”

တာဝန်ရှိသူတွေအနေနဲ့ ဗုံးကွဲမှုတွေကြောင့် လုံခြုံရေးတိုးမြှင့်ရာမှာလည်း စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေကြတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို မထိခိုက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုထွန်းကလည်း အခုလို ဗုံးဖောက်ခွဲမှုတွေ လုပ်နေတာကို အပြင်းအထန် ဆန့်ကျင်တယ်လို့ ပြောကြားလိုက်ပါတယ်။ “အခုလုပ်နေတာက ကျနော်တို့လည်း တတိယအင်အားစုရဲ့ ခြေလှမ်းတွေလားလို့ သံသယဖြစ် စိုးရိမ်တယ်။ တတိတယ အင်အားစုဆိုတာက သဘောထား တင်းမာတဲ့ အင်အားစုလို့ မြင်တယ်။ အထူးသဖြင့် ထရိတ်ဒါးလိုဟိုတယ်ကြီးထဲမှာ အခန်းတွင်းထဲကို ရောက်တဲ့အထိ ဗုံးကွဲတယ်ဆိုတာ တော်တော်ကြီးကို ဆိုးဝါးလွန်းအားကြီးတယ်။ ဒီကိစ္စကို လုံးဝဆန့်ကျင်တယ် ခင်ဗျ။”

နိုင်ငံတ၀န်း မြို့ကြီးအချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေမှုကြောင့် သေဆုံး၊ ဒဏ်ရာရနဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနေပြီး ပြည်သူတွေကလည်း ဗုံးပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပေါ်မှာကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013