DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအစိုးရနှင့် လက်ပန်းတောင်းဒေသခံများ ဆွေးနွေး
DVB
·
October 15, 2013
စစ်ကိုင်းတိုင်းအစိုးရနှင့် လက်ပန်းတောင်းဒေသခံများ ဆွေးနွေး
Donate to DVB

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးအပါအ၀င် အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေနဲ့ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းနယ်မြေက ဒေသခံရွာသားတွေ ဒီကနေ့ ဆားလင်းကြီးမြို့နယ်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

လျော်ကြေးငွေမယူတဲ့ ကျေးရွာတွေရဲ့ မြေတွေမှာ ကုမ္ပဏီဘက်က သံဆူးကြိုး ကာရန်နေတဲ့ကိစ္စ၊ စိုက်ခင်းတွေကို ပျက်စီးစေတဲ့ကိစ္စ၊ မြေယာလျော်ကြေးနည်းပါးတဲ့ကိစ္စ၊ ရွာတွေကို ရွှေ့ပြောင်းမယ့်ကိစ္စ၊ သတ္တုတူးဖော်မှုနဲ့ ပတ်သက်လို့ စာချုပ်စာတမ်းကိစ္စတွေကို အဓိက ပြောကြတယ်လို့ ဒီပွဲတက်ရောက်သတင်းယူတဲ့ ဒီဗွီဘီသတင်းထောက် ကိုဥာဏ်က ပြောပါတယ်။

“မြေယာလျော်ကြေး မယူတဲ့နေရာတွေကို သံဇကာတွေ ခတ်လိုက်တဲ့အပေါ် အဓိကထား ပြောတယ်။ အဲဒါတွေ ဘယ်လိုဆောင်ရွက်ပေးမလဲပေါ့။ နောက်တခုက ရွာကို ရွှေ့ပြောင်းမယ့် ကိစ္စပေါ့။ နိုင်ငံတော် သမ္မတကိုယ်တိုင်က အမေရိကန်ခရီးစဉ်မှာ အတင်းအကျပ်မရွှေ့ခိုင်းဘူး ပြောတဲ့အပေါ်မှာ ဦးလှထွန်းက ကော်မရှင်က အစီရင်ခံစာအတိုင်း လုပ်နေတဲ့အပေါ်မှာ သမ္မတစကား အတည်မဖြစ်တဲ့အကြောင်း အဲဒါကို ပြောသွားတာပါ။”

သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းကတော့ ဒေသဖွံ့ဖြိုးရေး၊ ဆေးရုံဆောက်လုပ်ရေး၊ လုပ်ငန်းကိုင်ငန်း ဖော်ဆောင်ပေးရေးတွေ လုပ်ဆောင်မယ်ဆိုတာကို ရှင်းလင်းသွားတယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ ရွာသားတွေရဲ့ လိုလားချက်ကို ရယူပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း ပြန်ဆေးနွေးပြီး ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပြီးမှ ရွာသားတွေကို ရှင်းလင်း အသိပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီပွဲကိုတက်ရောက်တဲ့ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်းကလည်း အုပ်ချုပ်ရေးပိုင်းက ဒီစီမံကိန်းကို မဖြစ်မနေ အကောင်အထည်ဖော်မယ်ဆိုတာကို ပြောဆိုရှင်းလင်းကြောင်းနဲ့ ရွာသားတွေ တင်ပြချက်ကို ပြန်လှန်ဆွေးနွေးဆုံးဖြတ်တာမဟုတ်ပဲ အချက်အလက် ကောက်ယူတဲ့သဘောသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျမတို့ စိုက်ထားတာက နှမ်းခင်း။ နှမ်းခင်းဆိုတာက မြေယာလျော်ကြေးယူထားတာ မဟုတ်တဲ့အတွက် ခြံစည်းရိုးတွေ လာခတ်တယ်။ လယ်ယာမြေတွေထဲက ကျေသွားတဲ့ သီးနှံလျော်ကြေးထက် သုံးဆကို လိုချင်တယ်လို့ ပွင့်ပွင့်လင်းလင်းတောင်းတယ်။ အဲဒါကိုလည်း သူတို့က ပေးပါမယ်လို့လည်း မပြောဘူး၊ မပေးပါဘူးလို့လည်း မပြောဘူး။ ကျမတို့ ဖြစ်စေချင်တာက ဒေသခံတွေနဲ့ အကျေအလည်ဆွေးနွေးပါ၊ ညှိနှိုင်းပါ။ လယ်ယာမြေလျော်ကြေး မယူဘူးဆိုတာ အဆပေါင်းများစွာ နည်းတဲ့အတွက်ကြောင့် မယူတာလို့ သူတို့ကို ပြောတယ်။ ကျမတို့ကို ဘာတခုမှ ဖြေရှင်းချက်မပေးဘူး။”

ဒေသခံရွာသားတဦးကတော့ ဒီကနေ့ ဆွေးနွေးပွဲဟာ သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုချက်အပေါ် အားထားမိတဲ့ သူ့ရဲ့မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရတယ်လို့ ပြောပါတယ်။

“သမ္မတက အမေရိကန်ခရီးစဉ်မှာ ရွာတွေကို ရွှေ့ပြောင်းချင်တဲ့သူရှိရင် ရွှေ့ပြောင်းလို့ ရသလို၊ မရွှေ့ပြောင်းချင်တဲ့သူတွေ မရွှေ့ပြောင်းလို့ရတယ်လို့ သမ္မတက ပြောထားခဲ့တယ်။ ပြည်ထဲရေးက ကျနော်တို့ရွာတွေကို ဖျက်သိမ်းလိုက်တယ်လို့ ပြောတာကို ဦးလှထွန်းက ပြန်ဖြေတယ်ခင်ဗျ။ ဦးလှထွန်းက သမ္မတပြောတဲ့စကားကို ဘောင်မ၀င်တဲ့ သဘောမျိုးကြီး ပြောတာဗျ။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ရာမှာ ရွာသားတွေရဲ့ နှမ်းခင်းတွေ ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ပြောဆိုနေတာပါ။

ဒီလုပ်ရပ်ကြောင့် ဒေသခံရွာသားတွေနဲ့ ကုမ္ပဏီလုပ်ငန်းကို လုံခြုံရေးပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးတဲ့နောက် အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ ရွာသားတွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကနေ ဆုံးဖြတ်ချက်တစုံတရာ မချမှတ်နိုင်ပေမယ့် နောက်တကြိမ် ထပ်မံတွေ့ဆုံဖို့ရှိပြီး အချိန်ကိုတော့ သတ်မှတ်နိုင်ခြင်း မရှိဘူးလို့ တက်ရောက်သူတွေက ပြောပြကြပါတယ်။
ဆန္ဒပြပွဲတွေကို မီးခိုးဗုံးနဲ့ နှိမ်နင်းပြီးနောက် ရပ်နားထားတဲ့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကို ဒီလဆန်းပိုင်းက ပြန်လည်စတင်နေတယ်လို့ မသွဲ့သွဲ့ဝင်းက ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013