DVB Logo
Home
မြန်မာသတင်း
သံလွင် ရေကာတာစီမံကိန်းကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်
DVB
·
October 15, 2013
သံလွင် ရေကာတာစီမံကိန်းကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်
Donate to DVB

သံလွင်မြစ်ပေါ်မှာ  ရေကာတာစီမံကိန်းတွေကို တည်ဆောက်တာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တဲ့အတွက် ဒီစီမံကိန်း အမြန်ဆုံးရပ်တန့်ဖို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက  တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ထိုင်းလူထုများဆုံရပ်မှာ မြန်မာနိုင်ငံက တိုင်းရင်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ သံလွင်လူထုအဖွဲ့က သွားရောက်ပြီး  ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေ ရပ်တန့်ပေးရေးအတွက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

သံလွင်မြစ်ပေါ် ရေကာတာတည်ဆောက်တာဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ပျက်စီး စေမယ့်အပြင် ပဋိပက္ခ အကြီးအကျယ်ဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်းရင်းဖြစ်တဲ့အတွက် ဒီ စီမံကိန်းတွေ ရပ်တန့်ပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းရတာလို့ ရှမ်းသဘာဝပတ်ဝန်း ကျင်ဆိုင်ရာအဖွဲ့က စိုင်းခေးဆိုင်က ပြောပါတယ်။

“ရေကာတာတွေက စစ်ကိုဖြစ်စေတယ်။ ပဋိပက္ခတွေ ဖြစ်စေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်စေတယ်။ အဲဒါကြောင့် ရင်းနှီးမြှုပ်နှံမှုကို ရပ်တန်းက ရပ်ဖို့ ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ထိုင်းကို ဦးတည်ချက်ထားပြီးတော့ ထိုင်းလူထုများဆုံရပ်မှာ တင်သွင်းခြင်းဖြစ်တယ်။ ကျနော်တို့ ယခုငြိမ်းချမ်းရေးသွားနေတဲ့ကာလမှာ ဒီဟာတွေက ရပ်တန်းက ရပ်ထားလို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပိုပြီးသွားနိုင်မှာပေါ့နော်။ တကယ်လို့ ရေကာတာတို့ သတ္ထုတွင်းတို့ အဲဒါတွေကို ဦးစားပေးပြီးတော့မှ စားပွဲခုံပေါ်မှာ အချင်းများနေပြီး တဖက်နဲ့ တဖက်လုနေရင် တိုက်ပွဲကလည်းပိုဖြစ်မယ်။ ဒီစီမံကိန်းကြီးတွေကို အဖြေရှာနေတဲ့ ကာလ ငြိမ်းချမ်းရေးမရခင်ကာလမှာ ရပ်တန်းက ရပ်ထားဖို့ တိုက်တွန်းနိုးဆော်ထားတာပါ။ ”

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီတဲ့ ကြားက ရေကာတာစီမံကိန်းဝန်းကျင်မှာ အစိုးရက စစ်အင်အား တိုးချဲ့ချထားမှုကြောင့် စစ်ရေးပဋိပက္ခတွေ တိုးလာနေတယ်လို့လည်း စိုင်းခေးဆိုင်က ပြောပါတယ်။

“မနေ့တုန်းကလည်း၊ တမြန်နေ့တုန်းကလည်း အဲဒီ တာဆန်း ရေကာတာ အထက်ပိုင်းမှာလည်း စစ်ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒါက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေတယ်။ အဲဒါကြောင့် ရင်းနှီးမြှုပ်နှံမှုကို ငြိမ်းချမ်းရေးဆွေးနွေးမှု မရခင်ကာလမှာ ရပ်တန့်ထားဖို့ တောင်းဆိုထားခြင်း ဖြစ်တယ်။”

သံလွင်မြစ်ပေါ်က  ဟတ်ကြီးရေကာတာ တည်ဆောက်မဲ့ နေရာအနီး လွန်ခဲ့တဲ့လပိုင်း တွေက အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

မြန်မာအစိုးရက သံလွင်မြစ်ကြောင်းတလျှောက်မှာ  ရေကာတာ  ၆  ခု တည်ဆောက် မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်က ထိုင်းစွမ်းအင်ဝန်ကြီးကနေပြီး ရှမ်ပြည်တောင်ပိုင်းက  မိုင်းတုံ ရေကာတာ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ မြန်မာကို တိုက်တွန်းခဲ့ပါတယ်။

မိုင်းတုံစီမံကိန်းဟာ အရင်က ၂၀၀၇ ခုနှစ်က ရပ်တန့်ထားတဲ့ တာဆန်းရေကာတာဖြစ်ပြီး အရှေ့တောင်အာရှမှာ အကြီးမားဆုံး ရေကာတာတခု ဖြစ်ပါတယ်။ တာဆန်းရေကာတာ စီမံကိန်းကနေ  လျှပ်စစ်ဓာတ်အား မီဂ္ဂါဝပ် ၇၁၁၀ ထွက်ရှိမှာဖြစ်ပြီး ထိုင်းက တည်ဆောက်ခွင့်ရမယ်ဆိုရင် ထိုင်းနိုင်ငံက ၇၀၀၀ မီဂါဝပ် ရယူမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား သဘာဝပတ်ဝန်းကျင်းအရေး လှုပ်ရှားသူတွေကတော့  ဒီစီမံကိန်းကြောင့် ဒေသခံ ၃ သိန်းကျော် ရွှေ့ပြောင်းခဲ့ရသလို ၁ သောင်းကျော်လည်း ရေလွှမ်းမိုးမှု ခံရနိုင်တယ်လို့ ပြောပါတယ်။

သံလွင်လူထုအဖွဲ့ကို  ရှမ်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့၊ ကယားပြည်နယ်က သံလွင်ချစ်သူအဖွဲ့၊ ကရင်နီလူမှုအဖွဲ့အစည်းများကွန်ရက်၊ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့နဲ့ တိုးတက်သောမွန်လူငယ်များအဖွဲ့စတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013