DVB Logo
Home
မြန်မာသတင်း
မအူပင်ရေလုပ်သားများ ငါးဖမ်းခွင့်ရရေး ဆန္ဒပြ
DVB
·
October 15, 2013
မအူပင်ရေလုပ်သားများ ငါးဖမ်းခွင့်ရရေး ဆန္ဒပြ
1 / 2
Donate to DVB

အင်းလုပ်ကွက်တွေမှာ ငါးဖမ်းခွင့်ရရေးအတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က ရွာသားတွေ ဒီနေ့မနက် ဆန္ဒပြခဲ့ပါတယ်။

မအူပင်မြို့နယ် စံလင်းထောင့်ကျေးရွာအုပ်စုက ကံကုန်း၊ ကံစု၊ ပုလဲကုန်း၊ ဗောင်းတော်စု၊ သရက်လှနဲ့ ၀က်စု အစရှိတဲ့ ရွာပေါင်း ၇ ရွာက ရေလုပ်သားပေါင်း ၁၅၀ ကျော်ဟာ ဒီနေ့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲထိ ကုန်ကားဝင်းကနေ ခရိုင်ငါးဦးစီးလုပ်ငန်းရုံးထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြမှုကို အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အချက်ပေါင်း ၃ ချက် တောင်းဆိုကြတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်သူ ကံကုန်းရွာသား ဦးကျော်မင်းက ခုလို ပြောပါတယ်။

[caption id="attachment_44911" align="alignleft" width="300" caption="ရေလုပ်သမားများ လမ်းလျှောက်ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ကျော်သက်ဦး)"][/caption]

“ငါးလုပ်ငန်းဦးစီးမှ အစုအဖွဲ့နဲ့ ပေးသော အင်းအား အမြန်ဆုံး ပြည်သူ့လက်ထဲ ပြန်ရရှိရေး၊ ခရိုင်အုပ်ချုပ်ရေးမှူးက အစုအဖွဲ့လိုက်ပေးသော အင်းအား ပြည်သူများလက်ထဲသို့ ပြန်ရောက်ရှိရေး၊ အင်းသားကြီးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရေး ဘာလို့လဲဆိုတော့ အင်းသားကြီးကနေပြီးတော့ ကြမ်းခင်းဈေး ၂၁ သိန်းနဲ့ အစုအဖွဲ့တွေနဲ့ကို ဆွဲပြီးတော့ အုပ်ချုပ်ရေးမှူးကနေ ၂၂ သိန်းနဲ့ ရောင်းစားတဲ့အတွက် ဒီလို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။”

မအူပင်မြို့နယ်ထဲက ငါးဖမ်းအင်းလုပ်ကွက်တွေကို လေလံစနစ်နဲ့ ရောင်းချရာမှာ လုပ်ငန်းရှင်တွေက ဈေးပြိုင်ပေးပြီး ရယူသွားကြောင်း၊ သူတို့ကတဆင့် ရွာသားတွေကို အခွန်အခနဲ့ ပြန်ခွဲပေးတဲ့အတွက်  ငွေကြေးမတတ်နိုင်သူ ရွာသူရွာသားတွေမှာ ငါးဖမ်းခွင့်နဲ့ အလုပ်အကိုင် ရှားပါးပြီး စားဝတ်နေရေး ခက်ခဲနေရကြောင်း၊ ဒီလို ဆင်းရဲတွင်းနက်နေတာ   နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဆန္ဒထုတ်ဖော်ခွင့်တွေ ရခဲ့တယ်လို့ ဦးကျော်မင်းက ဆက်ပြောပါတယ်။

သူတို့ ပြဿနာအခက်အခဲတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပြည်သူ့လွှတ်တော်အမတ်တွေဆီပါ တင်ပြခဲ့ပေမယ့် ပြေလည်မှုမရကြောင်း၊  ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း တခေါက် ဆန္ဒပြခဲ့ကြောင်း၊  နောက်ကိုလည်း  အခွင့်အရေး မရမချင်း ဆက်ပြီး တောင်းဆို ဆန္ဒပြသွားမယ်လို့ ဦးကျော်မင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် အမတ် ဦးစိန်ဝင်းကလည်း လွှတ်တော်မှာ တင်ပြရုံအပြင် ဒေသခံ အုပ်ချုပ်ရေးတွေကိုလည်း  ပြောကြားခဲ့ပေမယ့်  ပြုပြင်ပြောင်းလဲမှု မရှိကြောင်း ခုလိုပြောပါတယ်။

“လုပ်ပိုင်ခွင့်ရှိတဲ့သူက ချဲ့ထွင်ပြီးလုပ်လာတဲ့အခါ ဒေသခံ ရွာသူရွာသားတွေက စားစရာ မရှိဘူး။ ရေမြင်ပြီး ငါးမြင်ပြီး မျှားလို့မတဲ့အဆင့် ရောက်ကုန်တာပေါ့။ လွှတ်တော်ထဲမှာလည်း ပြောဖူးပါတယ်။ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲ စ၀င်ကတည်းက အင်းကိစ္စတွေနဲ့ ပတ်သက်လို့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်မယ်ဆိုရင် သူတို့ဒေသမှာရှိတဲ့ အင်းအိုင်ချောင်းမြောင်းတွေရဲ့ အခွင့်အရေးတွေကို ဒေသမှာ နေထိုင်တဲ့ သူတွေကို ခံစားခွင့်ပြုပါ။ အင်းမဟုတ်တဲ့ သဘာဝ ချောင်းမြောင်းတွေကိုတော့ ဘုံစားအင်းအဖြစ် ထားပေးပါ။ အောက်ခြေရဲ့ လုပ်ပုံ လုပ်နည်းက မှားနေတာ အရင်အတိုင်းပဲ။ ပစ္စည်းတခုကိုပေးတာ ရော့ ပေးတယ်ဆိုပြီး ဘယ်ဖက်ကပေးပြီး ညာဖက်က ပြန်ယူတာပေါ့ဗျာ။”

ကံကုန်းနဲ့ ကံစုစတဲ့ရွာက အင်းလုပ်ကွက်တခုမှာဆိုရင် ရေလုပ်ငန်းဝန်ကြီးဌာနက ၈ သိန်းနဲ့ ချပေးပြီး လုပ်ငန်းရှင်က ၂၂ သိန်းနဲ့ ၀ယ်ယူကြောင်း၊ လုပ်ငန်းရှင်က ရွာသားတွေကို  ပြန်ခွဲတော့ ၄၈ သိန်း ပြန်ရကြောင်း၊ ဒေသခံရွာသားတွေ တိုက်ရိုက်လုပ်ပိုင်ခွင့်မရှိတဲ့အပြင် လေလံရသူဆီကတဆင့် ပြန်ငှားရတဲ့အတွက် ဆင်းရဲတွင်း နက်သထက်နက်နေတာလို့ သူက ဆက်ပြောပါတယ်။

မအူပင်ဒေသ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြောခွင့်ရ ဦးကျော်သက်ဦး ကလည်း  မအူပင်မြို့နယ်ထဲက ရွာသားတွေ  ဆန္ဒပြတောင်းဆိုတာ ဒီနှစ်ထဲမှာ ၅ ကြိမ်ရှိပြီလို့ ဆိုပါတယ်။

မြို့နယ်ထဲမှာ အင်းလုပ်ကွက် ခန့်မှန်းခြေ ဧရိယာပေါင်း  ၅ မိုင်ပတ်လည်လောက်ရှိပြီး ကျေးရွာအုပ်စု ၆ ခု မှာရှိတဲ့  ရွာပေါင်း ၃၀ ကျော်က  ဒေသခံတွေ  သူ့အုပ်စုနဲ့ သူ၊ သူ့လိုလားချက်နဲ့ သူ ဆန္ဒပြတောင်းဆိုကြရာမှာ အဓိကအချက်ကတော့ ရွာသားတွေ လုပ်ကိုင် စားသောက်လို့ရမယ့် ဘုံအင်းရေပြင် ရရှိရေးလို့ ဆိုပါတယ်။

ဒီနေ့ စံလင်းထောင့်ကျေးရွာအုပ်စုက ရွာသားတွေ တောင်းဆိုတာကတော့ မအူပင်မြို့ အနောက်ဘက် ၃ မိုင်အကွာလောက်က အမှတ် ၂၀၄  တလုပ်လက် အနောက်အင်းရေပြင်မှာ လုပ်ခွင့်ရရေးဘဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013