DVB Logo
Home
အာရှဒေသ
ဖိလစ်ပိုင် လိင်တန်းတူညီမျှရေး သံသယများနှင့်အတူ
DVB
·
October 15, 2013
ဖိလစ်ပိုင် လိင်တန်းတူညီမျှရေး သံသယများနှင့်အတူ
1 / 4
Donate to DVB

နိုင်ငံတကာ လေ့လာစစ်တမ်းကောက်ယူမှုတွေအရ လိင်တန်းတူညီမျှမှုမှာ ဖိလစ်ပိုင်တွေ ဟာ ကမ္ဘာ့ ထိပ်ဆုံးနိုင်ငံတွေအဆင့်မှာ ရှိနေပါတယ်။ လိင်တန်းတူညီမျှမှုရှိတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ တခုတည်းသော အာရှနိုင်ငံ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးဦးဆောင် လုပ်နေကြသလို နိုင်ငံရေး မှာလည်း ပါဝင်ဆောင်ရွက်နေကြပါတယ်။ ကက်သလစ်ခရစ်ယာန်ဘာသာကို ယုံကြည်မှု အားကောင်းလှတဲ့နိုင်ငံမှာ အမျိုးသမီးသမ္မတ ၂ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တချို့အမျိုးသမီးရေး ဆောင်ရွက်သူတွေကတော့ အဆင့်သတ်မှတ်မှုက ဖိလစ်ပိုင်အမျိုးသမီးတွေရဲ့ တကယ့် ပကတိ အခြေအနေကို ထင်ဟပ်မှု မရှိပါဘူးလို့ ဆိုပါတယ်။

ဖိလစ်ပိုင်မှာ အမျိုးသမီး တော်တော်များများဟာ ဆင်းဆင်းရဲရဲ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် က ဖိလစ်ပိုင်အထက်လွှတ်တော်မှာ အမှာစကား ပြောမှာ ဖြစ်ပါတယ်။သူဟာ အသက် ၄၅ နှစ် ရှိပြီး ဒီနှစ် အစောပိုင်းက အထက်လွှတ်တော်မှာ အရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူက ဖိလစ်ပိုင်အမျိုးသမီးတယောက်ရဲ့ ဘ၀အတွေ့အကြုံက ဆုံးဖြတ်ချက် ချတဲ့ နေရာမှာ သူကို လမ်းညွှန် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။

[caption id="attachment_44901" align="alignleft" width="150" caption="ဂရေ့စ်ဖိုး"][/caption]

“အမျိုးသမီးတယောက်၊ မိခင်တယောက်အနေနဲ့ ဥပဒေပြုရေးအပြင် ကိုယ်စားပြု ဆောင်ရွက် တင်ပြပြောဆိုမှုတွေ လုပ်ရသလို ကျမတို့ လုပ်ဖို့လိုတာက ကျမတို့ ပြည်သူလူထု တွေကို နိုင်ငံမှာ လူမှုကာကွယ်မှုတွေ တိုးတက်လာပြီး ပိုမိုကောင်းမွန်တဲ့ ဘ၀တွေ ရရှိဖို့ နိုင်ငံသားတွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို သတိပေးဖို့ပါ။”

ဂရေ့စ်ဖိုးက ဖိလစ်ပိုင်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ ၄ ပုံ ၁ ပုံ နေရာ ရရှိထားတဲ့

အမျိုးသမီးအမတ်တွေထဲမှာ တယောက်အပါအ၀င် ဖြစ်ရတာကို ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။

“အရှေ့တောင်အာရှက ကျမတို့အိမ်နီးချင်းနိုင်ငံတွေအတွက် ဒါမှမဟုတ် တကမ္ဘာလုံး အရ ပြောရရင်တော့ အမျိုးသမီးတွေ ဦးဆောင်မှုနေရာတွေကို ရလာတာဟာ အများကြီး ကောင်းမွန်တယ်လို့ ပြောရမှာပါပဲ။”

နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတချို့က အထက်လွှတ်တော်အမတ် ဂရေ့စ်ဖိုးနဲ့ သဘောတူကြပါတယ်။

စာရင်းဇယားအရ ဖိလစ်ပိုင်အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာအလုပ်တွေ မှာ အရေအတွက် အတော်များများနေရာ ယူထားကြတယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှရဲ့ အမျိုးသမီးပညာရေး တိုးတက်မှု အရာမှာလည်း ချီးကျူးပြောဆိုမှုတွေ ရရှိထားပါတယ်။

မနုဿဗေဒပညာရှင် ခရိုလင်း ဆောဘရစ်ချီးယားက သမိုင်းအရ ကမ္ဘာရဲ့ ဒီအပိုင်းက အမျိုးသမီးတွေဟာ တခြားသူတွေ ထက်ပိုပြီး မျှတမှု ရှိကြတယ်လို့ ပြောပါတယ်။

[caption id="attachment_44902" align="alignright" width="150" caption="ခရိုလင်း ဆောဘရစ်ချီးယား"][/caption]

“ဖိလစ်ပိုင်အမျိုးသမီးတွေ၊ အင်ဒိုနီးရှားအမျိုးသမီးတွေ ဒါမှမဟုတ် အရှေ့တောင်အာရှက အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းမှာ သိပ်ဩဇာအာဏာရှိတဲ့ အခန်းကဏ္ဍတွေ ရရှိထားခဲ့ကြ ပါတယ်။ သူတို့ဟာ လယ်ယာလုပ်ငန်းတွေမှာ ပါဝင်ကြတယ်။ သူတို့ဟာ အဆုံးအဖြတ်ပေးသူတွေ ဖြစ်ခဲ့ကြ၊ မြေယာတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ကျမတို့မှာ အစ ကတည်းက အမျိုးသမီးတွေရဲ့ အရည်အသွေးကို ရရှိထားတဲ့ အခြေခံနဲ့ ယဉ်ကျးမှု အခြေခံတွေ ရှိနေတယ်လေ။”

ဒါပေမယ့် ဆောဘရစ်ချီးယားက ဖိလစ်ပိုင်တွေက နိုင်ငံရဲ့ အမျိုးသမီးသမ္မတ ၂ ယောက် ကို ရွေးချယ်ပေးခဲ့ကြပေမယ့် အဲဒီသမ္မတ ၂ ယောက်လုံးဟာ အမျိုးသမီးရေးကိစ္စတွေ တိုးတက်
ကောင်းမွန်လာရေးကို နည်းနည်းပါးပါးပဲ လုပ်ပေးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးရေးရာကိစ္စတွေကို အမျိုးသမီး နိုင်ငံရေးသမားတယောက်အနေနဲ့ ပြောဆိုဖို့ အတော် ခက်ခဲပါတယ်။ သူတို့က လေးစားမှုရဖို့ ယောက်ျားဆန်အောင် လုပ်နေကြရတယ်လေ။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်ဖော်ဆောင်မှုကို ပြန်ပြီး ပုံဖော်နေကြရတယ်ပေါ့ရှင်။ တကယ်တော့ အဖြစ်က အမျိုးသမီးရေးရာကိစ္စ ပြောဆို ဆွေးနွေးမယ်ဆိုရင် နိုင်ငံရေး ခေါင်းဆောင်တွေဟာ တန်းဖိုးကျတယ်။ အရေးမပါဘူးဆိုတာမျိုး ရှိနေတယ်လေ။”

ဖိလစ်ပိုင် ဒီမိုကရက်တစ်ဆိုရှယ်လစ် အမျိုးသမီးအဖွဲ့ရဲ့ ခေါင်းဆောင် အဲလ်လိဇဘက် အင်ဆီယိုကိုက ကမ္ဘာက သတ်မှတ်တဲ့အဆင့်က ဖိလစ်ပိုင်တွေရဲ့လွဲမှားနေတဲ့ ရုပ်ပုံလွှာကို
ပေးအပ်လိုက်သလို ဖြစ်နေတယ်လို့ ပြောပါတယ်။

“ရှင်တို့ဟာ တကယ်ကို ကောင်းမွန်ပါတယ်လို့ နိုင်ငံတကာက အစီရင်ခံစာမှာ ဖော်ပြခံရတာက ကောင်းတယ်လို့ ထင်စရာပေါ့ရှင်။ ဒါပေမယ့် အဲဒါက ခိုင်မာတဲ့ အချက်အလက်တွေကို အခြေခံရမှာပေါ့။ ဒီအစီရင်ခံစာတွေဟာ အထူးသဖြင့် အမျိုးသမီးတွေ၊ ကျမတို့ ပြည်သူတွေ တကယ်တန်းတန်းတူညီမျှတဲ့ ဘ၀တွေကို ခံစားနေရပြီလားဆိုတာကိုတော့ ယှဉ်ပြဖို့ လိုနေပါတယ်။”

အင်ဆီယိုကိုက လူ့အဖွဲ့အစည်းအဆင့်မှာ ဆင်းရဲ မွန်းကြပ်မှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ခံစားနေရဆဲ အမျိုးသမီးတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
သူတို့အုပ်စုက ကျေးရွာတွေက အမျိုးသမီးတွေကို သူတို့ကျေးရွာတွေမှာ ခေါင်းဆောင်တွေ ဖြစ်လာအောင် လေ့ကျင့်ပေးနေတာပါ။

ဒါပေမယ့် ဖိလစ်ပိုင်ပြည်သူလူထုရဲ့ ၃ ပုံ ၁ ပုံ ဟာ တနေ့ ၁ ဒေါ်လာ လောက်နဲ့ အသက်ရှင်သန် နေကြရပြီး အလွယ်တကူ ထိခိုက်ခံ စားနေကြရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရှင်တို့ သတင်းအချက်အလက်တွေကို အခုကြည့်လိုက်ရင် ဘာစီးပွားရေး အခွင့်အလမ်း တွေက ပွင့်နေတာပါလဲ။ အမျိုးသမီးအများစုက ပုံမှန်မဟုတ်တဲ့အလုပ်တွေကို လုပ်နေကြရပြီး ဥပဒေအရ အကာအကွယ် ပေးခံရမှုလည်း မရှိတာကို တွေ့ရပါလိမ့်မယ်။”

မနီလာက အမျိုးသမီးသီးသန့် မီးရီးယမ်းကောလိပ်က တချို့ကျောင်းသူတွေကတော့ ကမ္ဘာ့လေ့လာစစ်တမ်းက ပြဆိုထားသလို နိုင်ငံရေးနယ်ပယ်ထဲကို ၀င်ရတာဟာ လွယ်ကူတယ်လို့ သူတို့ မယူဆတဲ့အကြောင်း ပြောကြပါတယ်။

“ကျမက ရီယာနီကောတက်ဇ် တောရီကင်ပိုပါ။ အသက် ၁၉ နှစ်ရှိပါပြီ။ နိုင်ငံတကာ လေ့လာရေးကို သင်ယူနေပါတယ်။ နိုင်ငံရေးမျိုးရိုးတွေက လာတဲ့ အမျိုးသမီးတွေက နိုင်ငံရေးနယ်က မဟုတ်တဲ့ အာဏာရှိတဲ့ နိုင်ငံရေးမိသားစုတွေက မဟုတ်တဲ့အမျိုးသမီးတွေ ထက် နိုင်ငံရေးနယ်ပယ်ကို ၀င်ဖို့ အခွင့်အလမ်းရှိကြပါတယ်။”

သူရဲ့ အတန်းဖော် အသက် ၁၉ နှစ် အရွယ် နစ်ကာရီဝဲရာကတော့ အထူးသဖြင့် ကျေးလက် ဒေသမှာ ပညာရေးအဆင့်အတန်းက ဆိုးဝါးနေပြီး ဖိလစ်ပိုင်အမျိုးသမီးအများစုဟာ သူတို့တွေရဲ့ အခွင့်အရေးတွေကို တကယ်တမ်း မသိကြပါဘူးလို့ ပြောပါတယ်။

“သတင်းအချက်အလက်တွေက အခြေခံ ပြည်သူလူထုတွေဆီ ဒါမှမဟုတ် လူ့အဖွဲ့အစည်း ဆီကို မရောက်ပါဘူးရှင်။ ဒီတော့ ဆုံးဖြတ်ချက်ချမှတ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက် နိုင်ဖို့ မတူကွဲပြားတဲ့ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာကို အမျိုးသမီးတွေ မသိကြပါဘူး။”

ဒါပေမယ့် အသက် ၂၀ ရှိပြီဖြစ်တဲ့ ဂျယ်လင်းဂရေ့စ်ကတော့ ရယူထိုက်တဲ့ အခွင့် အလမ်းတခု ဖြစ်နေဆဲပါလို့ ပြောပါတယ်။

“ကျမက စံနမူနာကောင်းတယောက် ဖြစ်ချင်ပါတယ်။ အမျိုးသမီးတွေက လုပ်နိုင်ပါတယ်ရှင်။ အမျိုးသမီးတွေဟာ အလုပ်အကျွေး ပြုနိုင်တယ်။ တိုင်းပြည်ပိုပြီးကောင်းမွန် တိုးတက်လာအောင် အမျိုးသမီးတွေက တခုခုတော့ လုပ်နိုင်ပါတယ်။ အမျိုးသမီးတွေက ပြောင်းလဲသွားအောင် လုပ်နိုင်ပါတယ်ရှင်။”

ဂျေဆန်စထရော့သာက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက်  ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013