DVB Logo
Home
Lead Story
ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး (အယ်ဒီတာအာဘော်)
DVB
·
March 4, 2021
ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး (အယ်ဒီတာအာဘော်)
Donate to DVB

အစိုးရဟူသောဝေါဟာရကို ‘တိုင်းနိုင်ငံကိုအုပ်ချုပ်သူ’ဟု မြန်မာအဘိဓာန်မှ ဖွင့်ဆိုသည်။ အစိုးရဆိုသည်မှာ သတ်မှတ်ထားသောနယ်နိမိတ်ယူနစ်တခုအတွင်း နိုင်ငံသားတို့၏ဆန္ဒအရ စီမံခန့်ခွဲခွင့်ပေးထားသော အဖွဲ့အစည်း တခုကိုသာခေါ်ဆိုသတ်မှတ်ခြင်းဖြစ်သည်။

ယင်းသို့ လူထုဆန္ဒဖြင့်တရားဝင် စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသောအဖွဲ့အစည်းတရပ်ကိုသာ ‘အစိုးရ’ဟူသော ဝေါဟာရ တရပ်ဖြင့်သာ တင့်တယ်ကိုက်ညီ လိုက်ဖက်သည်သာ။ ထိုသို့သောအစိုးရမျိုးကို တရားဝင်မှု(Legitimacy)ရှိသော အစိုးရ (De Jure) ဟုခေါ်သည်။

သို့ရာတွင်တခါတရံ၌ တည်ရှိဆဲလူထုတင်မြှောက်ထားသော အစိုးရအား လက်နက်ပြခြိမ်းခြောက်၍ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသည်တို့လည်းရှိတတ်သည်။ ထိုသို့နိုင်ငံတော်အာဏာကို လုယူအုပ်ချုပ်သော အဖွဲ့အစည်းတရပ်ကိုလည်း တရားဝင်မဟုတ်သော အုပ်ချုပ်သူအဖွဲ့အဖြစ် (De facto) ဒီဖက်တိုဟုခေါ်သည်။

မည်သို့ပင်ဖြစ်စေကမူ နိုင်ငံတနိုင်ငံအား ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရာတွင် အချက်သုံးချက်ပေါ်မူတည်၍ ဆုံးဖြတ်လေ့ရှိသည်ကိုတွေ့နိုင်သည်။ ၎င်းတို့မှာ (၁) တရားဝင်အစိုးရတရပ်ဖြစ်ခြင်း (Legitimacy) (၂) တနိုင်ငံလုံးရှိ စီမံခန့်ခွဲမှုယန္တယားကောင်းမွန်စွာလည်ပတ်နိုင်ခြင်း (၃) အုပ်ချုပ်ခံပြည်သူလူထုက ယင်းတို့၏ အုပ်ချုပ်ခြင်းကို လက်ခံခြင်းရှိမရှိ ဆိုသောအချက်တို့ဖြင့်တိုင်းတာ၍ အသိအမှတ်ပြုတတ်ကြသည်။

အဆိုပါအချက်တို့အရ ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်ရှိဖြစ်ရပ်များဖြင့် ချိန်ထိုး တိုက်ဆိုင်စစ်ဆေး ကြည့်ရန်လိုပေသည်။

မြန်မာနိုင်ငံတွင် လူထု တင်မြှောက်ထားသော အစိုးရအား စစ်တပ်ကလက်နက်ဖြင့်ခြိမ်းခြောက် အာဏာလုယူပြီးနောက် မြန်မာနိုင်ငံတဝန်းလုံး သန်းနှင့်ချီသည့်လူထုအုံကြွမှုတို့ တနေ့တခြားမြင့်တက်လာခဲ့သည်မှာ တစ်လပင် ကျော်ခဲ့ပြီ။ တနေ့မှ ရပ်နားခဲ့သည်ပင်မရှိခဲ့။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး တစ်လကျော်ကာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူ အယောက် ၅၀ ကျော်အသက်စတေးခဲ့ကြရပြီး ရာနှင့်ချီထိခိုက်ဒဏ်ရာရခဲ့ကာ ထောင်ချီဖမ်းဆီးခံရသည်။

သပိတ်မှောက်ပြည်သူများကို စစ်တပ်က သေနတ်ဖြင့် ဦးခေါင်းကို ချိန်ပစ်ကာ လူသတ်ခြိမ်းခြောက်လူစုခွဲခဲ့သော်လည်း ဆန္ဒပြလူထုမှာ ပြိုကွဲမသွားဘဲ တနေ့ထက်တနေ့ ဆတိုးပွား၍ ပြမြဲပြနေကြသည်ကိုတွေ့မြင်နေရသည်။

ဤသည်မှာ အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ခြင်းကိုလက်မခံကြောင်း အသက်နှင့်ရင်း၍ ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု မှတ်ယူကြရပေမည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တယားတို့လည်း လည်ပတ်နိုင်ခြင်းမရှိတော့ ထိပ်ပိုင်းအစုအနည်းငယ်မှလွဲ၍ အားလုံးနီးပါးရပ်ဆိုင်သွားခဲ့ပေပြီ။ ယင်းအာဏာသိမ်းအုပ်စုတို့အနေဖြင့် တရားဝင်မှု(legitimacy) မရှိသည်ကိုမူ အားလုံးအသိပင်။

ထို့ကြောင့်‘အာဏာသိမ်းစစ်အုပ်စုသည် အစိုးရတရပ်အဖြစ်သတ်မှတ်၍ရပါဦးမည်လော။’ ‘နိုင်ငံတကာမှာရော အစိုးရတရပ်အဖြစ်အသိအမှတ်ပြုပါ၏လော’ဆိုသောအမေးတို့သည် မြန်မာပြည်သူများနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးတို့အတွက် မေးခွန်းထုတ်စရာပင် မလိုလောက်အောင် ရှင်းရှင်းလင်းလင်းသိရှိပြီးဖြစ်နေပါတော့သည်။

သို့ဖြစ်၍ အာဏာသိမ်း စစ်အုပ်စုအနေဖြင့်  ပြည်သူလူထုထံမှ အဓမ္မလုယုထားသည့် နိုင်ငံတော်အာဏာကို ပြည်သူ့လူထုလက်သို့ ပြန်ပေးပြီး စစ်တန်းလျားကို ပြန်ကြဖို့သာ ကျွန်ပ်တို့အနေဖြင့် တိုက်တွန်း တောင်းဆိုလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013