DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားအခွင့်အရေး ဥပဒေ ကုလစာတမ်းနှင့်အညီရေးရန် တောင်းဆို
DVB
·
October 14, 2013
တိုင်းရင်းသားအခွင့်အရေး ဥပဒေ ကုလစာတမ်းနှင့်အညီရေးရန် တောင်းဆို
Donate to DVB

လွှတ်တော်မှာ တင်သွင်းဆွေးနွေးမယ့် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးဥပဒေကို ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာ စာတမ်းနဲ့အညီ ပညာရှင်တွေ တိုင်းရင်းသားတွေရဲ့ အကြံအဥာဏ်တွေ ရယူရေးဆွဲပေးဖို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

ပြည်တွင်းက တိုင်းရင်းသားနိုင်ငံရေး ပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားတဲ့  ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း  (အန်ဘီအက်ဖ်) က  အောက်တိုဘာ ၁၃ ရက်နေ့က  အချက် ၅ ချက်ပါ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ၂၀၀၇ ခုနှစ် ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းဟာ မြန်မာနိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့အတွက် အခုလို တောင်းဆိုတာလို့  အန်ဘီအက်ဖ်အဖွဲ့ဝင် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူဇိုဇမ်က ပြောပါတယ်။

“လွှတ်တော်ထဲမှာ ကျနော်တို့ ကြားရသလောက်ကတော့ တိုင်းရင်းသားတဲ့ အခွင့်အရေးဆိုရာမှာ သူတို့က ယဉ်ကျေးမှုတို့၊ စာပေတို့လောက်ပဲ ထည့်ပြောကြတယ်။ ကျနော်တို့က အဲဒီထက်မက ပြောစရာတွေရှိတယ်။ အဲဒါတွေကို ကျနော်တိုက ခြုံငုံမိအောင်အတွက် ဒါကို ထုတ်ပြန်တာပါ။ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ရပိုင်ခွင့်တွေကို မသိကျိုးကျွန်ပြုလုပ်ခံရတာတွေကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။”

ဒီကိစ္စအလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီး စာတမ်းပြုစုကာ လွှတ်တော်မှာ တင်ပြဖို့ရှိတဲ့ အကြောင်းနဲ့ လွှတ်တော်မှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင် ယဉ်ကျေးမှု စာပေတွေကိုပဲ  အလေးထားပြောဆိုကြတာ တွေ့ရကြောင်း ပူဇိုဇမ်က ပြောပါတယ်။

၂၀၁၄ သန်းခေါင်းစာရင်းကောက်ယူရာမှာ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ ပါဝင်ပြီး လိုအပ်တဲ့ အချက်အလက်တွေနဲ့ မေးခွန်းတွေကို ပြည်သူတွေ အလွယ်တကူ သိရှိနားလည်ဖို့ ပွင့်လင်း မြင်သာစွာ ကြိုတင် ထုတ်ပြန်ဖို့ လည်း တိုင်းရင်းသားပါတီက တောင်းဆိုပါတယ်။

ဒါ့ပြင်  နိုင်ငံတော် အချုပ်အခြာအာဏာဟာ ပင်ရင်း နိုင်ငံသား တိုင်းရင်းသားတွေရဲ့ လက်ဝယ် အစဉ်တည်တံ့ ခိုင်မြဲရေးအတွက် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို တိကျစွာ လိုက်နာ ကျင့်သုံးခြင်း ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ပတ်သက်လို့လည်း  လိုအပ်တာတွေ ပြင်ဆင် ဖြည့်စွက်၊ မလိုအပ်တာ တွေကို ပယ်ဖျက်ပြီး ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ထောင်ဖို့ လည်း တိုက်တွန်းထားပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ့် လမ်းကြောင်းရွေးထားတာကလည်း နိုင်ငံရေးပါတီ စထူထောင်ကတည်းက ထူထောင်ရခြင်းအကြောင်းအရင်းက အခုထွက်လာတဲ့ ၂၀၀၈ အခြေခံဥပဒေကို ဒီအတိုင်းလွှတ်ပေးလို့မရဘူး။ ကျနော်တို့ကိုယ်တိုင် ထဲထဲဝင်ဝင် ၀င်ပြီးတော့မှ ပြင်ဆင်ဖို့အတွက် ပါတီထောင်ကြတာဖြစ်တယ်။
ပယ်ဖျက်တယ်ဆိုတာကို သဘောမတွေ့ဘူး။ အခြေခံဥပဒေဆိုတာက ပယ်ဖျက်ဖို့ ကိစ္စမဟုတ်ဘူး။ မွန်းမံရမယ့် ကိစ္စဖြစ်တယ်။ ခေတ်မီ တိုးတက်အောင် ပြင်ဆင်ရမယ့် အခြေအနေဖြစ်တယ်။ များများပြင်ဆင်လေ များများမွန်းမံလေ ခေတ်မီလ အသုံးတည့်လေပဲ။ ကမ္ဘာနဲ့ချီပြီး ခေတ်မီလာတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်စွာ ပြင်ဆင်ပြီး မွန်းမံရမှာပဲလေ။ ဥပဒေမရှိပဲနဲ့တော့ မရဘူး။ နောက်တခါ ပယ်ဖျက်မယ်ဆိုရင် မာရှယ်လောကို အလိုလို ဖိတ်ခေါ်တာနဲ့ တူတယ်ဆိုပြီး သုံးသပ်တာ။ အခြေခံဥပဒေတရပ်ဟာ ရှိကိုရှိနေရမယ်။ ဒီဟာပေါ်မှာ အခြေခံပြီးတော့မှ ပြင်ဆင်သင့်တာ ပြင်ဆင်မယ်။ ဖြည့်စွက်သင့်တာ ဖြည့်စွက်မယ်။ မလိုအပ်တော့ဘူး ခေတ်ကာလ နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒါကို ထားခဲ့ရမယ်။ အဲဒီ သဘောပါပဲ”လို့ ပူဇိုဇမ်က ပြောပါတယ်။

ဒါအပြင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အခြေခံ ကျတဲ့  တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းအားလုံး စာချုပ်ပါ ကတိက၀တ် အတိုင်း အတိအကျလိုက်နာ ကျင့်သုံးဖို့ အလွှာစုံ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စောင့်ကြည်ရေး ဖွဲ့စည်းဖို့လည်း ညီနောင်တိုင်းရင်းသား ပါတီတွေက အလေးအနက် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013