DVB Logo
Home
မြန်မာသတင်း
သာကေတတွင် ပေါက်ကွဲမှုဖြစ်၊ ကလေးနှစ်ဦးဒဏ်ရာရ
DVB
·
October 14, 2013
သာကေတတွင် ပေါက်ကွဲမှုဖြစ်၊ ကလေးနှစ်ဦးဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃ မာန်ပြေရပ်ကွက် မာန်ပြေလမ်းနဲ့ မြင်တော်သာလမ်းအကြား၊ ယမုံနာမြို့ပတ်လမ်းမကြီးပေါ် အခွန်လွတ်ဈေးရှေ့မှာ မနေ့ ညနေပိုင်းက အသေးစားပေါက်ကွဲမှုတခု ဖြစ်ရာမှာ ကလေးငယ် ၂ ဦး ဒဏ်ရာအနည်းငယ် ရသွားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနဲ့အဖွဲ့လည်း ရောက်ရှိလာပါတယ်။

ဗုံးကွဲမှုနဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့ မေးမြန်းချက်ကို ဗိုလ်မှူးကြီးတင်ဝင်းက အခုလို ဖြေကြားခဲ့ပါတယ်။

“လက်လုပ်ဗုံးပဲ။ ပေါက်ကွဲစေသောအရာ (detonator) ရယ်၊ အဓိက ယမ်းရယ်၊ လျှပ်စစ်ကူးဖို့အတွက် ဓာတ်ခဲရယ်၊ ဒါတွေက လက်လုပ်ဗုံးပါပဲ။ တလုံးပဲ။ ကလေးတွေက ဒါလေးကို တွေ့လိုက်တော့ ပစ်လိုက်တော့ ယမ်းက တခြားနေရာထွက်သွားတယ်။ အဲဒီမှာ လုပ်ထားတဲ့ နာရီလေးက တခြားနေရာ လွင့်သွားတယ်။ ကွဲတာက detonator၊ ဓာတ်ခဲက သူ့ဟာသူ အားဝင်ပြီးတော့ detonator က ကွဲသွားတယ်။ ကွဲသွားတဲ့အရှိန်ကြောင့် ကလေးတွေ လန့်ပြီး ထွက်ပြေသွားတယ်။ နည်းနည်း ဒဏ်ရာရသွားတယ်။ နည်းနည်းပွတ်မိတဲ့သဘောနဲ့ ရှမိတဲ့သဘောပါပဲ။ ဒဏ်ရာကတော့ မပြင်းပါဘူး။”

၅ နာရီ ၄၅ မိနစ်လောက်မှာ ပေါက်ကွဲတာဖြစ်ကြောင်း အကြမ်းဖျင်းသိထားတယ်လို့ ဆိုပါတယ်။ ယမ်းအမျိုးအစားကတော့ တီအမ်တီ ယမ်းအမျိုးအစား ဖြစ်နိုင်တယ်လို့ ယူဆကြောင်း၊ ပြန်စစ်ဆေးပြီးမှ အတိအကျ ပြောသွားမယ်လို့ ဦးတင်ဝင်းက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ မနက်စောစောပိုင်းကလည်း စော်ဘွားကြီးကုန်းမှာ ဗုံးပေါက်ကွဲခဲ့ပြီး အခု သာကေတမှာ ဆက်တိုက် ဗုံးပေါက်ကွဲခဲ့တာ ဆက်စပ်မှုရှိမရှိ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုလည်း ဗိုလ်မှူးကြီးတင်ဝင်းက အခုလိုပြောပါတယ်။

“ဆက်စပ်မှုရှိမရှိကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြန်ပြီးစစ်ခိုင်းနေပါတယ်။ ညတုန်းက ကွဲသွားတာအပြင် နောက်ထပ်တလုံးတွေ့တော့ ကျနော်တို့ ရှင်းလိုက်တယ်။ လက်ရှိအနေအထားအရလည်း လုပ်တဲ့ယမ်းနဲ့ တူမတူ၊ နာရီအနေအထား တူမတူ၊ ကျန်တဲ့ ပစ္စည်း အသုံးပြုမှု တူမတူ ကျနော်တို့ ပြန်စစ်ဆေးမယ်။ စစ်ဆေးလို့ တူတယ်ဆိုရင်တော့ တယောက်တည်းက လုပ်တာ ဖြစ်ဖို့ များတယ်။”
အလားတူ တောင်ငူနဲ့၊ ဖြူးမှာ ပေါက်ကွဲခဲ့မှုအခြေအနေတွေဟာ အခုပေါက်ကွဲမှုတွေနဲ့ ဆက်စပ်မှု ရှိမရှိသတင်းထောက်တွေက မေးမြန်းရာမှာ ဦးတင်ဝင်းက “ဟိုဘက်ကနဲ့ ဒီက ဆက်စပ်မှုကိုတော့ ကျနော်တို့ ပြောလို့မရသေးဘူး။ တရားခံမိတဲ့အခါကျမှ ဘာဆိုတာကို ပြောလို့ရမယ်။ ဒီအချိန်မှာ ဘယ်သူ၊ ဘယ်ဝါဆိုတာ ပြောဖို့ ခက်ပါတယ်” လို့ ပြောပါတယ်။

လုံခြုံရေး တိုးမြင့်မှု အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ “လုံခြုံရေးရဲ့ သဘောသဘာဝက အရင်ကတည်းကလည်း လုပ်ပါတယ်။ သို့သော်လည်းပဲ အခုလို ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်လာပြီဆိုရင်တော့ ပိုပြီးတိုးမြင့်ပြီး လုပ်မယ်။ စစ်ဆေးတာတွေ၊ ကျနော်တို့ဆီကို ၀င်တဲ့ဟာတွေကို ပိတ်ဆို့ပြီးတော့ လုပ်မယ်။ ဒီနေရာမှာ ပြည်သူတွေကတော့ ပူးပေါင်းပါဝင်ပေးဖို့လိုတယ်။ ပြည်သူတွေအတွက် လုပ်နေတယ်ဆိုတာ သိဖို့လိုတယ်။ စစ်ဆေးရာမှာလည်း ရဲဘော်တွေကို အားလုံးပြေပြေလည်လည်ဖြစ်အောင် စစ်ဆေးခိုင်းပါတယ်။ ပြည်သူတွေကလည်း သီးခံပြီး ငါတို့ကို လုံခြုံရေးအရ စစ်တာပါလားဆိုတာ မှန်မှန်ကန်ကန်ဖြစ်တဲ့အတွက် ဖြေပေးရုံပါပဲ။ လုံခြုံရေးအရ လုပ်တာကို နားလည်ပေးဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက် ရန်ကုန်ကနေ မင်္ဂလာဒုံဘက်ကို သွားတဲ့ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်မှာလည်း အောက်တိုဘာ ၁၃ ရက်နေ့ ၀၀း၁၅ နာရီက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/bomb explosive/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013