DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ပြင်ချင်သူ ၉၀ ရာခိုင်နှုန်းရှိဟုဆို
DVB
·
October 13, 2013
ဖွဲ့စည်းပုံ ပြင်ချင်သူ ၉၀ ရာခိုင်နှုန်းရှိဟုဆို
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ချင်တဲ့သူက ၉၀ ရာခိုင်နှုန်းရှိပြီး ၁၀ ရာခိုင်နှုန်းကတော့ အသစ်ဆွဲချင်ကြောင်း ဆန္ဒပြုကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ကော်မတီဝင် ဦးကိုနီက ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရန်ကုန်တိုင်းတာဝန်ခံ ဦးကိုနီက ရန်ကုန်မှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံရှင်းလင်းပွဲ အခမ်းအနား ၂ ခုကို တက်ရောက်လာကြတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်း တက်ရောက်လာတဲ့ပြည်သူတွေကို အရင်ဆုံး ရှင်းပြခဲ့တာလို့ ဦးကိုနီက ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ၊ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးသလဲ၊ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံတခုနဲ့ အခြေခံစာလုံးတွေက ဘာဆိုတာ ခွဲပြီးပြောတယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတွေရဲ့ဆန္ဒ မပါဘူးဆိုတဲ့အချက်၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ နိုင်ငံတော်အာဏာကို ပြည်သူတွေဆီမအပ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူကို အများဆုံး အပ်နှင်းထားတယ်ဆိုတာ ဆိုတဲ့အချက်တွေကို ကျနော်တို့က ရှင်းပြပါတယ်။”

ပြည်သူတွေဆီက ဆန္ဒခံယူပုံကိုလည်း ဦးကိုနီက “ကျနော်တို့က နှစ်မျိုးမေးပါတယ်။ ပထမ ပြင်တဲ့နည်းနဲ့ ပြောင်းတာကို ကြိုက်သလားလို့ မေးပါတယ်။ ဒုတိယက အသစ်ရေးတဲ့နည်းနဲ့ ပြောင်းတာကို ကြိုက်သလားမေးတယ်။ ၉၀ ရာနှုန်းက ပြင်တဲ့နည်းနဲ့ ပြောင်းတာကို ကြိုက်တယ်လို့ ပြောတယ်။ ၁၀ ရာခိုင်နှုန်းလောက်ကတော့ အသစ်ရေးတဲ့နည်းနဲ့ ပြောင်းတာကို ကြိုက်တယ်လို့ ပြောပါတယ်။ လက်နဲ့လည်းထောင်ပြီးတော့ ကျနော်တို့က ဆန္ဒယူပါတယ်။ အသံနဲ့လည်း ယူပါတယ်” လို့ပြောပါတယ်။

ဆန္ဒခံယူပွဲကို ရန်ကုန်တိုင်း ဒလမြို့နယ်နဲ့၊ ဗဟန်းမြို့နယ်တို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂ ပွဲစလုံး ပြည်သူ ၅၀၀ကျော် တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းမှာလည်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်က ပြည်သူ့ဆန္ဒသဘောထားခံယူရာမှာ ၉၀ ရာနှုန်းကျော်က ဖွဲ့စည်းပုံပြင်ရေးကို လိုလားကြောင်း ဆန္ဒမဲပေးခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖွဲ့စည်းပုံပြင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာကို ပြည်သူ့ဆနရယူဖို့ အဖွဲ့ ၇ဖွဲ့ခွဲပြီး စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က  ဖွဲ့စည်းပေးထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကလည်း   ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး   ပြည်သူ့ဆန္ဒအကြံပြုချက်တွေ ရယူသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့က  သတင်းထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ အခြေခံဥပဒေကိုအသစ်ရေးဆွဲပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းလိုက်ပါက နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အလွန်အန္တရာယ်များပြီး မမျှော်မှန်းနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013